ဆောင်းပါး ရဲဝံ့ပြတ်သားကြမှ အောင်ပွဲခံမည် (ဆောင်းပါး)
ရဲဝံ့ပြတ်သားကြမှ အောင်ပွဲခံမည် (ဆောင်းပါး) Print E-mail
ကျော်လင်းဦး   
တနင်္လာနေ့၊ ဧပြီလ 21 2008 22:23 - မြန်မာစံတော်ချိန်

လာမယ့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် ထောက်ခံမဲတွေရရေး သက်ဆိုင်ရာ တိုင်းမှူးအလိုက်၊ တိုင်းအတွင်းမှသော် လည်းကောင်း၊ သက်ဆိုင်ရာ ၀န်ကြီး အလိုက် ၀န်ကြီးဌာနအတွင်း မှာသော်လည်းကောင်း ကိုယ်ဖိရင်ဖိ လိုက်လံ စည်းရုံးနေတယ်လို့ သတင်းတွေ ကြားသိရပါတယ်။ ဒါပြင် စစ်တပ်တွင်းမှာလည်း အရာရှိနဲ့ အကြပ် စစ်သည် တပ်သားတွေအတွက် မဲရုံကို သွားမဲထည့်စရာ မလိုဘဲ သက်ဆိုင်ရာ တပ်ရင်းဝင်းအတွင်းမှာသာ မဲထည့်ရမှာဖြစ်ပြီး မဲ အားလုံးဟာ ကန့်ကွက်မဲ မရှိစေရအောင် ကြိုတင် လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။ ကြံ့ဖွတ်၊ အမျိုးသမီး စွမ်းဆောင်ရှင်၊ ကြက်ခြေနီ၊ မီးသတ်နဲ့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း စတဲ့ လူမှုအဖွဲ့အစည်း တွေမှာလဲ မဲထည့်စရာမလိုဘဲ အသင်းဝင်ကတ်ပြား ရှိရုံနဲ့ ထောက်ခံမဲ ရရှိပြီးသားဖြစ်အောင် လုပ်ဆောင်နေပါတယ်။

ဒါကြောင့် ကန့်ကွန်မဲ ရလာစရာရှိယင် အဆိုပါ အဖွဲ့အစည်းတွေနဲ့သော် လည်ကောင်း၊ အစိုးရ ရုံးဌာနတွေနဲ့ သော်လည်ကောင်း မပတ်သတ်တဲ့သူတွေ ဘက်ကသာ ရလာမှာဖြစ်လို့ ဒီ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ပေးမယ့်ဘက်က အသာစီးရမယ့် သဘောကို ခန့်မှန်း ပြောဆိုနေမှုတွေလည်း ရှိနေပါတယ်။ မဲပြားပေါ်မှာ နံပါတ်တွေ တပ်ထားတာအပြင် မဲရုံမှာ မဲစာရင်း မှတ်ပုံတင်ရာမှာလဲ မိမိရဲ့ မှတ်ပုံတင်အမှတ်ကို ရေးသွင်းရတာကြောင့် သာမန် ပြည်သူလူထုနဲ့ လက်လုပ်လက်စားသမားတွေ အတွင်းမှာလဲ ကန့်ကွက်မဲ ထည့်ရေးအတွက် ကြောက်ရွံစိတ်တွေ ထွက်ပေါ်နေတယ်လို့ ကြားသိရပါတယ်။ ရပ်ကွက်နဲ့ မြို့နယ်အတွင်းမှာလဲ သက်ဆိုင်ရာ ရယက နဲ့ မယက တွေက ပြည်သူလူထုကို ကန့်ကွက်မဲ မထည့်ဖို့ ခြိမ်းခြောက် ပြောဆိုနေတာတွေ ရှိနေပါတယ်။ ဒီအခြအနေတွေကြောင့် လာမယ့် ဆန္ဒခံယူပွဲ အတွင်းမှာ ထောက်ခံမဲတွေနဲ့ စစ်အုပ်စုရဲ့ အခြေခံ ဥပဒေကြီးအတည် ဖြစ်သွားမှာကို ပြည်သူလူထုနဲ့ နိုင်ငံတကာက စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေရပါတယ်။

စစ်အုပ်စုဘက်က ဘယ်လိုပဲ ခြိမ်းခြောက် ပြောဆိုမှုတွေ ရှိနေပါစေ ရဲရဲရင့်ရင့်နဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ရမှာကတော့ မြန်မာပြည်သူလူထုရဲ့ တာဝန်သာ ဖြစ်ပါတယ်။ နအဖ က ပြည်သူလူထုရဲ့ ကြောက်စိတ်ကို အခြေခံပြီး ဖိအားပေး လုပ်ဆောင်တာတွေ ရှိပေမယ့် ပြည်သူလူထုက ညီညီညွတ်ညွတ်နဲ့ ရဲဝံ့မှုကို ပြသနိုင်ယင် စစ်အာဏာရှင်စနစ်ဟာ မေ ၁၀ ရက်နေ့မှာတင် နိဂုံးချုပ်ရတော့မှာပါ။ ဒီလိုမှ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားနဲ့ မစွန့်စားနိုင်ခဲ့ယင်တော့ နောက်ထပ်ကာလ တခုအထိ စစ်အုပ်စု သက်တမ်းရှည်နေဦးမှာ ဖြစ်တဲ့အတွက် ပြည်သူလူထု အပေါင်းကလည်း လူမှုဒုက္ခအပေါင်းကို ခါးဆီးခံကြရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ သက်တမ်း ရှည်နေသမျှတော့ မီးပုံမှန် မလာတာကအစ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ အလယ်၊ လူငယ်တွေ အနာဂတ် ပျောက်ဆုံးနေတာတွေ အဆုံး တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးမှာ အစစ ဆက်လက် ချွတ်ချုံကျနေဦးမှာပါ။

ဒါကြောင့် ပြည်သူလူထုဟာ ဒုက္ခနည်းနည်းကို အချိန်တိုအတွင်းပဲ ခါးဆီးခံမလား၊ ဒုက္ခ ကြီးကြီးမားမားတွေကို ကာလကြာရှည်စွာ ခံမလာဆိုတဲ့ အချက် နှစ်ချက် အပေါ်မှာပဲ မူတည်ပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒုက္ခနဲနဲကို အချိန်တိုအတွင်းသာ ခံချင်သူတွေအတွက်တော့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားနဲ့ ကန့်ကွက်မဲ ထည့်ရုံမှ တပါးအခြား မရှိတော့ပါဘူး။ ဒါကို ကြောက်ရွံ့နေတယ် ဆိုယင်တော့ ဒုက္ခ ကြီးကြီးမားမားတွေကို ဆယ်စုနှစ်နဲ့ချီ ခံစားနေကြရဦးမှာပါ။

ဒီလို ဒုက္ခကြီးကြီးမားမားကို ဆယ်စုနှစ်နဲ့ချီပြီး ခံစားရမှာကို ကြိုမြင်နိုင်စွမ်း မရှိတဲ့သူတွေ များရင်တော့ လာမယ့် ဆန္ခခံယူပွဲမှာ ထောက်ခံမဲက အသာစီးရမှာ ဖြစ်ပြီး ဒါကို ကြိုတင်သိမြင်ပြီး သတ္တိရှိတဲ့သူတွေသာ များရင်တော့ ဆန္ဒခံယူပွဲရဲ့ ရလဒ်မှာ ကန့်ကွက်မဲတွေဘက်ကသာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက် ကြမလား၊ ထောက်ခံကြမလား ဆိုရာမှာ မဲပေးမယ့် ပြည်သူလူထုရဲ့ အသိပညာ ဗဟုသုတ အပြင်၊ သတ္တိရှိမှုနဲ့ အနာဂတ်ကို ကြိုမြင်နိုင်မှု စွမ်းရည်တွေ အပေါ်မှာလည်း တည်မှီနေမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီတကြိမ်မှာ ဒီစွမ်းရည်တွေ အားနည်းလို့ ပြည်သူလူထုရဲ့ အဆုံးဖြတ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံခဲ့မယ် ဆိုယင် ပြည်သူလူထုအတွင်း အသိပညာပေးရေး နဲ့ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းတွေကိုသာ အားစိုက် လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။

ပြည်သူလူထုဟာ လာမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အားနည်းချက်တွေနဲ့ စစ်အုပ်စု လူတန်းစားရဲ့ တိုင်းပြည် စီမံခန့်ခွဲရေးမှာ ညံ့ဖျင်းမှုတွေကို ပိုမို သိရှိပြီးမှသာလျှင် တိုင်းပြည်အတွက် ပိုမို ဒီမိုကရေစီကျတဲ့ စနစ်တခုကို တောင့်တလာမှာ ဖြစ်တဲ့အတွက် လာမယ့် ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ အသာစီး ရရင်တောင်မှ ဒါဟာ ဒီမိုကရေစီ အင်အားစုတွေအတွက် အရှုံး မဟုတ်သေးပါဘူး။ ပိုမိုပြည့်စုံတဲ့ နိုင်ငံရေး စနစ်အတွက် ခွန်အားတွေ ဖြည့်တင်းဖို့ သက်သက်သာ ဖြစ်ပါတယ်။ စစ်အုပ်စုကို ဒီတကြိမ်တည်းမှာပင် ပြည်သူလူထုက ညီညီညွတ်ညွတ်နဲ့ ကန့်ကွက်နိုင်ရင်တော့ ဒီတကြိမ်တည်းနဲ့ ပြည်သူလူထုက အောင်ပွဲခံရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် အားလုံးက ညီညီညွတ်ညွတ်နဲ့ ပြတ်ပြတ်သားသား ကန့်ကွက်မဲ ထည့်နိုင်ဖို့ အရေးကြီးလှပါတယ်။

ကျော်လင်းဦး

 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး