ဆောင်းပါး ရွေးချယ်မှုအသစ် တခုဆီသို့(ဆောင်းပါး)
ရွေးချယ်မှုအသစ် တခုဆီသို့(ဆောင်းပါး) Print E-mail
နေသွင်   
ဗုဒ္ဓဟူးနေ့၊ မတ်လ 12 2008 01:37 - မြန်မာစံတော်ချိန်

ကုလသမဂ္ဂအပေါ် ထားရှိသော မြန်မာပြည်သူတို့၏ မျှော်လင့်ချက်အားလုံးကို မှုန်ဝါးသွားစေခဲ့ပြီ ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးသံတမန်သည် အများက ကြိုတင် မျှော်လင့်ထားသည့်အတိုင်း မူလရည်မှန်းချက် မအောင်မြင်ဘဲ နောက်ကြောင်း ပြန်သွားရသည်။ ယခု ခရီးစဉ်၏ ရလဒ်သည် နောက်လာမည့် ခရီးစဉ်များအတွက် မရေမရာ ဖြစ်သွားစေရုံမျှမက ကုလသမဂ္ဂ၏ မြန်မာ့အရေး ကြိုးပမ်းမှု နည်းဟောင်းကိုလည်း ဆုံးခန်းတိုင်စေခဲ့သည်။ 

ခရီးစဉ် မတိုင်ခင်က စစ်အစိုးရအပေါ် ဖိအားပေးမည်ဟူသော ပြောဆိုထားသော ကုလသမဂ္ဂ သံတမန်သည် ဗိုလ်မှူးချုပ်ကျော်ဆန်း၏ အပြစ်တင် စွပ်စွဲချက်များကို မိနစ်အတန်ကြာ နားထောင်ခဲ့ရသည်။ ကုလသမဂ္ဂနှင့် ပတ်သက်လာလျှင် ယခင်က ခံစစ်အနေအထား ရှိနေရာမှ ယခုတကြိမ်တွင်  စစ်အစိုးရဘက်က လက်ဦးမှု ယူလိုက်ပုံရသည်။ ကမ္ဘာ့အကြီးဆုံး အဖွဲ့ကြီးသည် မြန်မာ့ပြည်နိုင်ငံရေးတွင် ကြားဝင်မှုတွင် နောက်ထပ် စိန်ခေါ်မှုအသစ်တရပ် ရင်ဆိုင်နေရပြန်ပြီ ဖြစ်သည်။ 
 

ကုလသမဂ္ဂအတွက် နောက်ထပ် မျှော်လင့်ချက် ကင်းမဲ့သွားစေသောအချက်မှာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကုလသမဂ္ဂသံတမန်အား နောက်ထပ်တကြိမ် လက်ခံတွေ့ဆုံရန် ငြင်းဆန်လိုက်ခြင်းပင်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ တောင်းဆိုထားချက် အားလုံးလည်း မစ္စတာဂမ်ဘာရီ၏ ယခုခရီးစဉ်အတွင်း လုံးဝ ပယ်ချခံလိုက်ရသည်။                                  

နောက်ထပ် ရွေးချယ်စရာ နည်းလမ်းတခုမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ကိုယ်တိုင် မြန်မာပြည်သို့ လာရောက်ခြင်းပင် ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။  မြန်မာ့အရေးတွင် ကုလသမဂ္ဂအပါအဝင် တကမ္ဘာလုံးက မဟာဗျူဟာသစ်များကို ရှာဖွေရန် လိုအပ်နေသည်ဟုလည်း သူက ဆိုလိုက်သည်။
 

ဦးအောင်နိုင်ဦးက “မစ္စတာဂမ်ဘာရီ ကိုယ်တိုင်ဝင်လုပ်ဖို့ကတော့ တော်တော်လေးကို နည်းသွားတာပေါ့။ သူ့ mandate က မကုန်သေးဘူးဆိုတော့ ပြန်လာချင်လည်း လာနိုင်သေးတာပေါ့။ ဒါပေမဲ့ တော်တော်များများ၊ ကျနော် အပါအဝင် သူပြန်လာရင် ဘာများ အောင်မြင်မှုရှိမလဲဆိုတာ ဘာမှ မမြင်တော့ဘူးဗျ။ ယူအန်မှာ ဘာအကြံဥာဏ်တွေ ရှိသလဲ မပြောတတ်ဘူး။ အဓိက ယူအမ်တင် မကဘူး၊ တကမ္ဘာလုံးပေါ့။ အမေရိကန်တို့၊ အီးယူတို့ အားလုံးက ဒီအဖွဲ့အစည်းတွေဟာ  မြန်မာစစ်အစိုးရနဲ့ ပါဝင် ပတ်သက်ပြီး မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးဖို့ကိစ္စ၊ ဒီမိုကရေစီ တိုးတက်ဖို့ကိစ္စ ဒါတွေကို စဉ်းစားတဲ့အခါမှာ တခြားနည်းအသစ်တွေနဲ့ ချီတက်ရမယ်လို့ ထင်တယ်” ဟု ပြောသည်။
 

ဆက်လက်၍ “မစ္စတာဂမ်ဘာရီက ဘယ်လိုပဲ ပြေလည်အောင်လုပ်နေနေ၊ မစ္စတာ ပင်ညဲရိုးက စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောနေဆိုနေရတယ်ဗျာ။ ယူအန်က တဖက်က ဝင်လုပ်မယ် ပြောတယ်။ တဖက်က လူ့အခွင့်ရေးကိစ္စတွေမှာ အပြစ် ပြောနေပြန်တော့ ယူအန်ဟာ ကြားနေပြီး ဘက်မလိုက်တဲ့ အဖွဲ့မဟုတ်ဘူးလို့ မြင်လာတယ်။ အကူအညီပေးတဲ့အပေါ်မှာလည်း ဘက်လိုက်မှု ရှိတယ်။ သူတို့ကို အရှက်ရစေတဲ့ နည်းတွေနဲ့ ပြောလာတယ်ပေါ့။ ဥပမာ မစ္စတာ ဂမ်ဘာရီရဲ့ ဆင်းရဲမှု လျှော့ချရေးအစီအစဉ်က တော်တော်ကောင်းတယ်။ ဒါပေမဲ့  စစ်အစိုးရက မြန်မာပြည်မှာ ဆင်းရဲမွဲတေမှု ရှိတယ်ဆိုတာ လက်မခံနိုင်ဘူး။ ကမ္ဘာ့ကုသလမဂ္ဂရဲ့ role ကို လက်မခံတဲ့သဘောပေါ့။ ဒါကြောင့် ကုလသမဂ္ဂရဲ့ ပါဝင် ပတ်သက်မှုကို တုံ့ပြန်လိုက်တာလည်း မဆန်းဘူးပေါ့” ဟု သူက ဖြည့်စွက်ပြောသည်။ 

ထိုင်းနိုင်ငံတွင် အခြေစိုက်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၏ နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က စစ်အစိုးရဘက်က တုံ့ပြန်ချက်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဒီမိုကရေစီ အင်အားစုများဘက်က အားနည်းနေသည့် အခြေအနေကို အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
 

“နအဖ အနေနဲ့ အခုအချိန်ဟာ သက်တောင့်သက်သာ ဖြစ်တယ်လို့ သတ်မှတ်ထားပုံရတယ်။ လုံခြုံရေး ကောင်စီမှာ နအဖ ကို ပိုပြီး ယိမ်းနိုင်တဲ့ အဖွဲ့ဝင်တွေ ပိုများနေတယ်လို့ တွေ့ရတယ်။ အဲဒီအတွက် နအဖ က ဒီအချိန်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ ကုလသမဂ္ဂရဲ့ ဆောင်ရွက်နိုင်တဲ့ အနေအထားပေါ်မှာ လက်ဦးမှု ယူလိုက်တယ်လို့ ခံစားရပါတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
 

“ Mechanism အရတော့ လောလောဆယ် မေလမတိုင်ခင် လုပ်နိုင်တာက chaper ၆ မှာပါတဲ့ non-binding ပေါ့။ အရေးယူ အပြစ်တင်မှု မရှိဘဲ လုပ်ငန်းတခုကို ဖော်ဖို့ပဲ ရှိပါတယ်။ ကျနော်တို့ရဲ့ အင်အားစု တော်တော်များများက နအဖ ရဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပေါ်မှာ အားကိုးအားထား လုပ်နေတဲ့အချက်ကို တော်တော်လေး သတိထားသင့်တယ် ထင်တယ်” ဟု သူက ဆက်လက် ပြောကြားသည်။
 

မြန်မာ့အရေး လေ့လာသူ ကိုအောင်နိုင်ဦးက အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အခြေခံ ရပ်တည်ချက်မှာ  မြန်မာစစ်အစိုးရအပေါ် မဆန့်ကျင်ရေးဟုဆိုကာ ဒေသတွင်းနိုင်ငံများမှ တဆင့် ချည်းကပ်မှုသည် အလုပ်ဖြစ်မည့်ပုံမရဟု ဆိုသည်။
 

“ပထဝီနိုင်ငံရေးအရ တရုတ်၊ အိန္ဒိယတို့က ဒီဖွဲ့စည်းပုံကို မြန်မြန်ပြီးဖို့ ၉၅-၉၆ ကတည်းက ပြောနေတာ။ ဒီလောက် နှစ် ၂ဝ လောက် ကြာလာတဲ့ လုပ်ငန်းတခုကို နောက် ၂ နှစ်လောက်မှာ ပြီးမယ် ဆိုတော့ သူတို့အတွက်လည်း ကောင်းတယ်။ နောက်တခုက လုံခြုံရေးကောင်စီကို ပြန်သွားကလည်း မဖြစ်နိုင်ဘူး။ အရင်ကတည်းက တရုတ်က ပြောပြီးသားပဲ။ မြန်မာပြည်အနေအထားဟာ   နိုင်ငံတကာရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးကို မထိခိုက်ဘူး။ အခုဟာက ရှေ့ဆက် သွားနေပြီ၊ မြန်မြန် သွားနေပြီ။ time-frame လည်း ရှိနေတော့ ဒီနိုင်ငံတွေအတွက် ပိုကောင်းသွားတာပေါ့” ဟု ပြောသည်။
 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာကိုင်ထားသော တရုတ်အစိုးရကြောင့် လုံခြုံရေးကောင်စီ လမ်းကြောင်းကို မမျှော်လင့် သင့်သလို နောက်ထပ် စိုးရိမ်စရာ အချက်များလည်း ရှိနေသည်ဟု ဦးညိုအုန်းမြင့်က ပြောသည်။ 
 

ဦးညိုအုန်းမြင့်က “ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပေါ်မှာ အင်မတန် အားကိုးအားထား လုပ်နေမယ်ဆိုရင် အဓိကပြဿနာက ကျနော်တို့က ကုလသမဂ္ဂရဲ့ ဆုံးဖြတ်မှုအပေါ်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျနော်တို့ လက်ခံရမှာ ဖြစ်တယ်။ အဓိက လုပ်ရမှာက ပြည်တွင်းဖိအားနဲ့ ပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုရဲ့ ဖိအားနှစ်ခုစလုံးကို အသုံးချနိုင်ဖို့ ပြင်ဆင်ရမှာ ဖြစ်တယ်” ဟု ပြောသည်။
 

၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာအပေါ် အရေးယူရေး အဆိုပြုချက် အရေးနိမ့်ခဲ့ပြီး ကတည်းက ပြည်ပ ဒီမိုကရေစီအင်အားစုများ၏ အာရုံစိုက်မှုသည် ပြည်တွင်း လှုပ်ရှားမှုများဆီသို့ အဓိက ဦးတည်ခဲ့သည်။ စက်တင်ဘာလှုပ်ရှားမှု နောက်ပိုင်းတွင် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြားတွင် ရှိခဲ့သော တွေ့ဆုံဆွေးနွေးရေးကြောင့် မျှော်လင့်ချက်အသစ်များ ဖြစ်ထွန်းခဲ့သလို မစ္စတာဂမ်ဘာရီ၏ ကြိုးပမ်းချက်များအပေါ်လည်း မျှော်လင့်ချက် ကြီးခဲ့ကြသည်။
 

သို့သော် စစ်အစိုးရသည် လွန်ခဲ့သောလကစ၍ သူတို့၏ မူလလမ်းကြောင်းအတိုင်း မသွေဖယ်စတမ်း ဆက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ထုတ်ပြောခဲ့ပြီး ယခင်က အန်အယ်လ်ဒီအပေါ် စွပ်စွဲချက်များလည်း ပြန်လည် ထုတ်ဖော်လာသည်။
 

စစ်အစိုးရ၏ နောက်ဆုံးသဘောထားမှာ မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံစဉ်တွင် ဗိုလ်မှူးချုပ်ကျော်ဆန်း၏ ခုခံချေပချက်များ ဖြစ်သည်။ စစ်အစိုးရကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ဆန်း၏ ပြောဆိုချက်များသည် လွန်ခဲ့သော နှစ်များအတွင်းက စစ်အစိုးရသတင်းစာများတွင် အကြိမ်ကြိမ် ဖော်ပြပြီးသော အချက်များဖြစ်ကာ အတိုက်အခံများဘက်ကလည်း အကြိမ်ကြိမ် ချေပထားပြီးသား အချက်များသာ ဖြစ်သည်။
 

သို့သော် မြန်မာပြည်နိုင်ငံရေးတွင် အသစ်ဖြစ်ထွန်းမှုမှာ ရွှေဝါရောင်လှုပ်ရှားမှုနှင့် မြန်မာပြည်သူများ၏ နိုင်ငံရေး ရင့်ကျက် နိုးကြားမှု၊  စစ်အုပ်ချုပ်ရေးအပေါ် ခါးသီးနေမှုများပင် ဖြစ်သည်။ အလားတူ ပြည်သူလူထုအနေဖြင့် နှစ်ပေါင်းများစွာ ဖွင့်ဟခွင့်မရခဲ့သော သူတို့၏ ဆန္ဒအစစ်အမှန်ကို တွေ့ဆုံဆွေးနွေးရေးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ မရှိတော့သည့် နောက်ပိုင်းတွင် မည်သို့ မည်ပုံ ထုတ်ဖော်ပြသမည် ဆိုသော နောက်ထပ် ရွေးချယ်မှုအသစ်သည်လည်း မြန်မာနိုင်ငံရေးတွင် စိတ်ဝင်စားစရာအချက်အဖြစ် ဆက်ရှိနေဦးမည် ဖြစ်သည်။

 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး