|
(က)
"ကျနော်တို့ တက်လို့ ဖြစ်ပါ့မလား"
`မွန်အမျိုးသားနေ့ `အခမ်းအနား ဖိတ်ကြားစာအား ကိုင်ရင်း ကျနော်က မွန်ပြည်သစ် ပါတီမှ ကျောင်းဆရာအား မေး၏။ ကျောင်းဆရာဟု ကျနော်တို့က ခေါ်သော သူသည် ယခုအခါတွင်မူ သင်ကြားပို့ချမှုအား မပြုလုပ်တော့ .....။ မွန်ပြည်သစ်ပါတီ၏ ပညာရေးဌာနတွင် အုပ်ချုပ်ရေး တာဝန်အား ထမ်းဆောင်၍ နေပြီ .....။ သို့သော် ..... ကျနော်တို့ကမူ သူ့အား ယခုတိုင် ကျောင်းဆရာဟုပင် ခေါ်၍နေဆဲ ......။
"အရင်တုန်းကလို ....သ၀ဏ်လွှာ ပေးပို့တာတို့ ဘာတို့တော့ မဖြစ်ဖူးပေါ့ .... ။ ဒါပေမယ့် ..... အခမ်းအနား တက်ရောက်တာကတော့ ဖြစ်ပါတယ်"
ကျောင်းဆရာ၏ စကားသံတွင် ကျနော်တို့အား အခမ်းအနားသို့ တတ်ရောက်စေချင်သည့် ဆန္ဒက ပေါ်၍နေသည်ဟု ထင်မိသည်။ တက်ဖြစ်အောင် ကြိုးစားမည်ဟုလည်း စိတ်၌ ဆုံးဖြတ်လိုက်မိ၏။ အခမ်းအနား ကျင်းပမည့် နေရာအား ဖိတ်စာတွင် ပြန်၍ ကြည့်မိသည်။
တောင်ပေါက်ရွာ ......။
(ခ)
ဘုရားသုံးဆူမှ စုန်ဆင်းလာမည့် လှေအား ကျနော်တို့ စောင့်၍ စီးရမည်။ ကျနော်တို့ လှေစောင့်၍ စီးသည့်နေရာက ဘုရားသုံးဆူ၊ သံဖြူဇရပ် ကားလမ်း၏ အရှေ့ဖက် အခြမ်းတွင် ဖြစ်သည်။ ဤနေရာတွင် ကားလမ်းနှင့် ဇမိမြစ်သည် ယှဉ်၍ ဘုရားသုံးဆူသို့ ၀င်သွားကြသည်။ ကားနှင့်သွားလျှင် ၁၅-မိနစ်ခန့်ပင် မသွားရ ....။ ဇမိမြစ်က ဘုရားသုံးဆူမြို့အား ၀ိုက်၍ စီးလာသော ချောင်းငယ်နှစ်ခုမှ ပေါင်းဆုံ မြစ်ဖျားခံလာသော မြစ်ငယ်တခု ဖြစ်သည်။ ကျိုက်မရောမြို့အထက်နားတွင် ၀င်းယော်ချောင်းနှင့် ပေါင်း၍ အတ္တရံမြစ်အဖြစ် ဖြစ်တည်၏။ အတ္တရံက သံလွင်မြစ်အတွင်းသို့ စီးဝင်သော မြစ်တစင်း ......။ ကျနော်တို့ လှေစောင့်စီးသည့် နေရာက ဇမိမြစ်၏ မြစ်ဖျားခံရာ ချောင်းသွယ်နှစ်ခု ပေါင်းဆုံသည့် ချောင်းဆုံ၏ အောက်ဖက်တွင် ဖြစ်သည်။ ဤနေရာတွင် မွန်ပြည်သစ်ပါတီ တပ်ခွဲစခန်း ထိုင်သည်။ အကောက်ခွန် ဂိတ်လည်း ရှိ၏။ ဈေးဆိုင်များနှင့် စည်ကားသည်။ ထိုင်းဘတ်ငွေနှင့်ပင် အရောင်းအ၀ယ် ပြုကြ၏။ ထမင်းဆိုင်များက ညအိပ် တည်းခိုနိုင်ရန်ပင် နေရာများရှိ၏။ သက်ကယ်မိုး၊ သဲပွတ်ခင်း၊ သဲပွတ်ကာ တဲတန်းလျားများ .....။ မွန်ပြည်သစ် ပါတီ၏ ဟင်္သာအလံက ကမ်းပါးထက်ရှိ အလံတိုင်၏ ထိပ်တွင် လွှင့်၍နေသည်။ ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးသို့ ဆင်းမည့်လှေများက ဘုရားသုံးဆူတွင် အခွန်အတုတ် အမျိုးမျိုးအား အာဏာပိုင်တို့ထံ ဆောင်ကျဉ်း၍ ပြီးစီးမှ ထွက်ကြရသည်။ အစောဆုံးက နံနက် ၈-နာရီ။ ကျနော်တို့ဆီ ရောက်တော့... ၈-နာရီခွဲခန့် ရှိပြီ။ လှေများက တရုတ် အင်ဂျင်တပ် လှေများ။ ခရီးသည် ၁၅-ဦးခန့် အနည်းဆုံး စီး၍ရသည်။ လှေဝမ်းအတွင်း ၂-ယောက် ယှဉ်တွဲထိုင်၍ ရသည်။ လှေဦးက စောက်မနက် ...။ ရေစူးကလည်း နည်းသည်။ မာနယ်ပလော၊ သူမွဲထ၊ ဒေါင်းဂွင်တို့၌ ပြေးဆွဲသည့်လှေများနှင့်မတူ .....။ ထိုလှေတို့က သံလွင်၊ သောင်းရင်းအတွင်း မောင်းနှင်ရသည် ဖြစ်၍ TE 11 ....။ တိုယိုတာ ဟိုင်းလတ် အင်ဂျင်များအား သုံးရသည်။ လှေဝမ်းဗျက်မှာလည်း ကျယ်သည်။ လှေဦးစောက်က နက်ပြီး ရေစူးကလည်း နက်သည်။ ပြေးလျှင် လှေဦးက မော့၍ ပျံတတ်တော့မည့်အလား ထင်ရသည်။ ရေစီးကြမ်းသည့် သံလွင်အတွင်း အင်ဂျင် အားကောင်းသည့် စက်အား အသုံးပြုမှသာ ဖြစ်မည်။ ဇမိကမူ သံလွင်နှင့်ယှဉ်သော် ရေစီးက ညင်းသာသည်ဟု ဆိုရမည်။
ကျနော်တို့လှေက .... ကျနော်တို့ ၃-ယောက် အပါအ၀င်မှ ခရီးသည် ၁၁-ယောက်သာ ရှိသည်။ လှေဦးဖက်တွင်မူ ကုန်ပစ္စည်းအချို့ တင်ထားသည်ကို တွေ့ရ၏။ ဆင်ကြယ်၊ မြင်းကြယ် ဖိနပ်များနှင့် အချိုမှုန့်များ ဖြစ်သည်။ ဇမိမြစ်က ဘုရားသုံးဆူ တောင်ကြားများမှ မြစ်ဖျားခံပြီး အရှေ့တောင် အရပ်မှ အနောက်မြောက် အရပ်သို့ စီးဆင်းသော မြစ်ဖြစ်သည်။ အကွေ့အကောက် နည်းသည်။ ကျောက်ဆောင် .... ကျောက်ဆိုင်များ မရှိ။ မြစ်ပြင်ကျယ်ပြီး ရေစီးညင်သာသည်။ မြစ်ရေကမူ စိမ်း၍နေသည်။ ကျနော်တို့ လှေစထွက်တော့ ..... ၉-နာရီခွဲခန့် ရှိပြီ.....။ ၅-ဂါလံဝင် လောင်စာဆီ နှစ်ပုံးအား တင်လာ၏။ လမ်းတွင် လောင်စာဆီ ၀ယ်၍မရ.....။ ဤမှပင် အစုန်ခရီးအတွက် ဆီဝယ်ခဲ့ရသည်။ ကမ်းပါးတလျှောက် ၀ါးရုံများအား တွေ့ရသည်။ ထူထူထပ်ထပ်.....။ နာရီဝက်ခန့် စုန်ဆင်းခဲ့ပြီးနောက် .... သေမင်းတမန် ရထားလမ်းဟောင်း မြစ်ကူးတံတားကြီး၏ အောက်သို့ ရောက်သည်။ တံတားက သံဘောင်ကြီး ၂-ခုသာ ကျန်တော့၏။ သံကြေးများနှင့် မဲညစ်၍ နေသည်။ အုတ်တိုင်ကြီးများက မြစ်အတွင်းမှ မတ်မတ်ထောင်၍ သံဘောင်ကြီး ၂-ခုအား ထမ်း၍ ထားနေဆဲ ....။ တံတားအရှည်က ပေ ၂၀၀-ခန့် ရှိမည်။ အုတ်တိုင်ကြီး ၂-ခုကြားမှ စက်လှေသည် ဖြတ်၍ မောင်းခဲ့၏။ စက်သံက အုတ်တိုင် ၂-ခုကြား ပဲ့တင်ထပ်၍ `လှိုင်` သံ ပေါက်နေသည်။ စူးစူးဝါးဝါး .....။ ဤအုတ်တိုင်ကြီးများအား ဆောက်လုပ်ခဲ့ကြစဉ်က ....ချွေးတပ်သား ....မည်မျှ၏ လုပ်အား ၊ ချွေး၊ သွေး။ အသက်ခန္ဒာတို့ကို အရင်း ပြုခဲ့ကြရမည်နည်း။ အဖြေ မပေးနိုင်သည့် မေးခွန်းအား အတွေးဖြင့် မေးမိ၏။ မသိနိုင် ....။ ရင်မောစွာဖြင့် မော့ကြည့်မိ၏။ သံဘောင်ကြီး ၂-ခုအကြားမှ ကောင်းကင်သည် ညိုပုတ်ပုတ် ......။
ကမ်းဘေးဝဲယာတွင်က ထူထပ် ပိန်းပိတ်သော ၀ါးတောများ....။ တချိန်က ဤနေရာတွင် .....။ ဒါမှမဟုတ်..... ထိုနေရာတွင် .....။ ၀ါးတဲရှည်ကြီးများ ရှိမည်။ ထိုတဲတန်းလျားကြီး၌ .....ချွေးတပ်သားတို့ အိပ်စက် ကြမည်။ အချို့က ငှက်ဖျားရောဂါကြောင့် ဤ၀ါးတဲကြီးအတွင်း လူးလိမ့်၍နေမည်......။ ငြီးတွား၍ နေမည်.....။ အဟာရက မရှိ .....။ ဆေးဝါးကုသမှု နတ္တိ.....။ နောက်ဆုံး ......ဤဇမိမြစ်၏ ကမ်းပါးယံ နံဘေးတွင်ပင် သူတို့အား မြုပ်နှံထားလိုက်မည်......။ တယောက် .....နှစ်ယောက်....။ ........။ အတွေးများက အတိတ်နှင့် ပစ္စုပန် လွန်းထိုး၍နေသည်။ လှေငယ်ကမူ ..... ဇမိမြစ်အတိုင်း စုန်ဆင်း၍နေ၏။ ကမ်းပါးဝဲယာ၏ မြင်ကွင်းက ပြောင်း၍ လာပြီ။ မိုးမခပင်များအား ရေအစပ် ကမ်းပါးတွင် အုပ်လိုက် တွေ့လာရသည်။ လှေမှ ဖြန့်ထွက်သွားသော လှိုင်းလုံးများကး မိုးမခပင်တို့အား တိုးဝှေ့၍ တိုက်သည်။ မိုးမခပင်တို့က ယိမ်းနွဲ့၍ .....။ မြုပ်ချီ .... ပေါ် ချီ.....။
တခါ ....တခါ တွင် ဟိုနားတစု .... ဒီနားတစု ။ တဲငယ်လေးများအား ကမ်းပါးထက်တွင် တွေ့ရ၏။ အချို့ တဲများ၌ လူနေသည်ကို တွေ့ရ၏။ အချို့ တဲများက လူမရှိသည့်တဲများ ။ မွန်းတည့်နေက ပူလွန်းလှ၏။ မြစ်ပြင်အား ဖြတ်တိုက်လာသည့် လေကြောင့် အပူဒဏ်က ခံသာ၏။ အရှေ့ဖက် ကမ်းပါးတလျှောက် ကွမ်းသီးပင် အုပ်အုပ်များအား တွေ့ရသည်။ ကွမ်းသီးပင်များ အကြား၌ အုန်းပင်တို့က ....ရောရောယှက်ယှက် ......။
"အဲ့ဒါ .... ကျွန်းချောင်းရွာပေါ့ ....."
ကျွန်ချောင်းရွာလွန်လျှင် ..... ကြိမ်းချောင်း၊ ရွှေပိုးဟပ်၊ ကျောက်ဖျား။ ထိုရွာများက ကရင်ရွာများ .....။ အိမ်ခြေက သိပ်မများလှ ....။ ၄၀-၅၀ ခန့် ပင် ရှိကြမည်။ ရွာများက ကမ်းပါးဘေး မေးတင်ထားသည့် ရွာများ မဟုတ်ကြ ....။ ကမ်းပါးနှင့် ရွာအကြား၌ လယ်ကွင်းများက ကြားခံ၍ နေသည်။ ရွာအား မြစ်တွင်းက ကြည့်လျှင် .... ကွမ်းသီးပင် ၊ အုန်းပင် အုပ်အုပ်များကိုသာ တွေ့ရ၏။ နွေအခါတွင်မူ ကျွန်းချောင်းမှ ဘုရားသုံးဆူသို့ ကားလမ်းပေါက်သည်။ ကားလမ်းဟု ဆိုသော်လည်း မြေမာလမ်းကြမ်းမျှသာ .....။ (န.အ.ဖ) စစ်ကြောင်းများ အသုံးပြုသည်က များသည်။
ကြိမ်းချောင်းကို လွန်လာပြီ။ မြစ်ကမ်းပါးတွင် ၀ါးဖောင်းတန်းကြီးအား တွေ့ရသည်။ ဆိပ်ခံ ဘောတံတာကြီးကဲ့သို့ .....။ အမိုး မိုးထား၏။ အရှည်က ပေ ၈၀-၁၀၀ ခန့် ရှိမည်။ အစားအသောက် ရောင်းသည့် ကမ်းပါးဈေးဆိုင်များ ...။ ထမင်းဟင်း၊ လဖက်ရည်၊ ကော်ဖီ ရောင်းသည်။ အဖျော်ယမကာက အမျိုးစုံရ၏။ ထိုင်းနိုင်ငံထုတ် `မဲခေါင်` မှသည် မြန်မာပြည်ဖြစ် လိမ်မော်ဖြူ ၊ ဒရိုင်းဂျင်၊ ၀ီစကီ အထိ ...။ ဘီယာ အမျိုးကလည်း စုံသည်။ ညအိပ်တည်း၍ ရသော ရေပေါ်ဈေးဆိုင်များ ...။
ကျောက်ဖျာ ရွာဆိပ်သို့ ရောက်တော့ ..... ညနေ ၅-နာရီခန့် ရှိပြီ။ ကျောက်ဖျာရွာ ရေဆိပ်သည်လည်း ၀ါးဖောင် ရေပေါ်ဈေးဆိုင်တန်းကြီးနှင့် ။ ၀ါးဖောင်တခုတွင် လှေဦးကပ်၍ ဆိုက်လိုက်သည်။ လှိုင်းလုံးများကြောင့် လှေက ရှေ့နောက် တွန်းထိုး၍နေသည်။ လှေက မငြိမ်၊ လူး၍နေ၏။ လှေမှ ၀ါးဖောင်ပေါ်သို့ ချက်ချင်း တက်၍ မရ၊ `လှေအဆင်း` မို့ ခက်၍နေသည်။ အမျိုးသမီး ခရီးသည်များက လှေလူး၍ လှေပေါ်တွင် မတ်မတ်ပင် မရပ်နိုင်။ လှေငြိမ်မှ ဖောင်ပေါ်သို့ တက်၍ရသည်။ ဤဖောင်၌ပင် ညအိပ်ကြမည်။ ကြာအင်းဆိပ်ကြီးမှ ဆန်တတ်လာသောလှေ နှစ်စီး... သုံးစီး... လည်း ရှိသည်။ ခရီးသည် ၄၀-၅၀ ခန့်နှင့် ရေပေါ် ဈေးဆိုင်တန်းက စီညံ၍နေသည်။ မြစ်ရေက စိမ်း၍ ကြည်နေသည်။ အေးသော်လည်း စိမ့်၍မအေး ...။ မြစ်အတွင်း ကူးခတ်၍ ရေချိုးလိုက်မှ ညောင်းညာ ကိုက်ခဲမှုများအား ပြေလျော့၍ သွားသည်။
ဟင်းလျာများက စုံ၏။ တောဝက်သား၊ မျောက်ချီးခါး၊ ဖြူသား၊ တောကြက်သား ...။ ပုဇွန် ၊ငါး ... စုံသည်။
လိမ္မော်ဖြူက ၀မ်းမီးအား တောက်စေ၏။ ပုဇွန်ဆီရောင် အသွေးက ဖျော့၍... ဖျော့၍ ...။ အမှောင်ထုက မြစ်ပြင်အတွင်းသို့ ဖြန့်ကျက်၍ ၀င်လာပြီ။ ဖယောင်းတိုင် မီးရောင်များက ၀ါးဖောင်ပေါ်တွင် တလက်လက်...။ လှိုင်းပုတ်၍ ၀ါးဖောင်သည် သိမ့်သိမ့်လှုပ်နေသည်။ မြောက်ပြန်လေက ညင်းညင်းသွဲ့သွဲ့ တိုးဝှေ့ တိုက်ခတ်၏။ ပုဇင်းရင်ကွဲသံတို့က ညံ၍နေသည်။ ကမ်းပါးထက်မှ တစ်တီတူးငှက်၏ အော်သံအား တခါတရံ ကြားရ၏။ ကြယ်စင်တို့ကား... မြစ်တွင်းသို့ ငုတ်ဆင်း၍ နေကြပြီ။ ညသည် တိတ်ဆိတ်၍ နေသည်။ ဇမိသည် ညင်သာစွာ စီးမျောရင်း အိပ်မောကျ၍ နေလေပြီလားမသိ ...။
နောက်တနေ့ .....နံနက်စောစောပင် ကျောက်ဖျာမှ ထွက်ခဲ့ကြ၏။ မြစ်ပြင်အား `မြူ` တို့က ဖုံးအုပ်၍ ထား၏။ ပါးပါးလျှလျှ ...။ ဖြူလွှလွှ ဇာပ၀ါအား လွှမ်းခြုံထားသကဲ့သို့ ...။ မြစ်ရေက အေး၍မနေ ... နွေး၍နေ၏။ လှေဦးဖြင့် ထိုးခွဲ၍ ဖွားထွက် လွှင့်စင်လာသည့် ရေမှုန်တို့က ၀ဲယာဖြန့်၍ `မြူ` တို့အား တွန်းဖယ်၏။ ကမ်းစပ်ကိုင်းပင်များ၌ ဗျိုင်းအောက်တို့ နား၍နေကြသည်။ ကိုင်းပင်တို့က လေးကိုင်းသဖွယ် ညွှတ်ကွေး၍ နေသည်။ မြစ်တွင်းမှ စူးစူးဝါးဝါး အင်ဂျင်စက်သံကြောင့် ငိုက်မြည်းနေသော `ဗျိုင်း` တို့ လန့်၍ ထပျံကြ၏။ ကွေးညွှတ်နေသော ကိုင်းပင်တို့ မတ်၍သွား၏။ ရေလွှာပြင်အား ဖြတ်၍ ထိုးဆင်းသွားသော တင်ကြီးငှက်အား တွေ့ရ၏။ ခဏငယ်အတွင် `ဗွား` ခနဲ ပြန်ပေါ်လာ၏။ နုတ်သီးတွင်မူ ငါးနုတ်ကလေး တစ်ကောင်အား ကိုက်ချီ၍ သွား၏။ တင်ကြီးငှက်၏ အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာ ...။
မြစ်၏အရှေ့ဖက်ကမ်းနဖူးတွင် မေးတင်၍ ဆောက်ထားသော တဲအိမ်များအား တွေ့ရသည်။ ဘုရားငုတ်တိုရွာ ...။ ဗမာရွာ ဖြစ်သည်။ အိမ်ခြေက ၂၀-၂၅ ခန့်ပင် ရှိမည်။ ဘုရားငုတ်တိုအား လွန်သော် ... အနောက်ဖက်ကမ်း၌ တဲအိမ်စုစုများအား တွေ့ရပြန်သည်။ ရေလည်းရွာသစ် ... ဖြစ်သည်။ ရေလည်းရွာသစ်က ရှမ်းရွာ ဖြစ်သည်။ ဘုရားငုတ်တိုနှင့်မူ ဓါးလွယ်ခုတ် ...။ ရေလည်းရွာကြီးက ကမ်းနဖူးဘေးတွင် မဟုတ် ...။ အတွင်းပိုင်းတွင် ရှိသည်။ အိမ်ခြေ ၁၀၀-ခန့် ရှိသည်။ စက်လှေက ရေလယ်ရွာ ၀ါးဖောင်တန်းများတွင် မရပ် ...။ ရေလည်းရွာကြီးအား လွန်လျှင် .... အရှေ့၌ ၀ဲဇလ်ီသို့ ရောက်ပြီ။ ရေလည်းနှင့် ၀ဲဇလီက မီနစ် ၂၀-ခန့် စက်လှေနှင့် စုန်ဆင်းရ၏။ နေက ကမ်းပါးရှိ ကွမ်းသီးပင်များ၏ အကြား မှ ခေါင်းပြူ၍ နေလေပြီ။ ၀ဲဇလီတွင် ကျနော်တို့ ဆင်းကြမည်။ ကျနော်တို့၏ ခရီးက ၀ဲဇလီအထိပင်။ ၀ဲဇလီအား လွန်လျှင်... ကြာအင်းဆိပ်ကြီးသို့ ရောက်ပြီ။ ၀ဲဇလီနှင့် ကြာအင်းဆိပ်ကြီး ခရီးက မီနစ် ၃၀-ခန့်ပင် ရှိမည်။ ၀ဲဇလီလှေဆိပ် ၀ါးဖောင်ဆီသို့ လှေဦးက ထိုး၍ ကပ်လိုက်သည်။ လှေကြိုးအား ၀ါးဖောင်တွင် ချည်လိုက်၏။ စက်လှေက ၀ဲဇလီဆိပ်၌ စက်သတ်၍ ရပ်လိုက်ပြီ ...။ မြစ်ရေတို့ကမူ စီးဆင်း၍နေဆဲ ...။ သူ့ကြောပေါ်မှ ကျနော်တို့ ဆင်းသွားသည်ကိုပင် ဇမိက သတိပြုမိဟန် မတူ ...။ စဉ်ဆက်မပြတ် ... စီးဆင်း၍သာ သွား၏။ မကြာမီ ... ကြာအင်းဆိပ်ကြီးသို့ ရောက်မည်။ ထိုနောက် … ချောင်းနှစ်ခွ၌ ၀င်းယော်ချောင်းနှင့် ပေါင်းဆုံမည်။ ပြီးလျှင် အတ္တရံမြစ် အဖြစ်နှင့် သံလွင်တွင်းသို့ တိုးဝင်၍ သွားကြမည်။ ဇမိမြစ်ရေတို့က စီးဆင်းမြဲ...။ ဖောင်ပေါ်မှတဆင့် ကမ်းပါးပေါ်သို့ တတ်ခဲ့၏။ ၀ဲဇလီရွာသို့ ...။
ကျနော်တို့ခရီးကား ... ၀ဲဇလီမှ တောင်ပေါက်သို့ ...။ ခြေလျင်သွားရမည်။ လှည်းလမ်းကြောင်းအတိုင်း...။ လယ်ကွင်းများအား ဖြတ်ရမည်။ ကြက်ပေါင်စေးခြံများ အတွင်းမှ သွားရမည်။ ၃-နာရီခန့် ခရီး...။ ကျနော်တို့ ၀ဲဇလီရွာမှ ထွက်ခဲ့၏။ နေလုံးကြီးအား ကျောပိုး၍ …...။
|