ဆောင်းပါး တန်ဖိုး (ရသဆောင်းပါး)
တန်ဖိုး (ရသဆောင်းပါး) Print E-mail
ကလိုစေးထူး   
ကြာသပတေးနေ့၊ သြဂုတ်လ 21 2008 18:26 - မြန်မာစံတော်ချိန်

အိမ်ရှေ့မှ တဖျတ်ဖျတ်နှင့် လမ်းလျှောက်သံ၊ အချင်းချင်း စကားပြောသံများက အိပ်ပျော်နေသော လှနိုင်ကို လှုပ်နှိုးပစ်လိုက်၏။ နာရီကြည့်စရာ မလိုပါဘဲနှင့် လှနိုင်၏ အသိအာရုံက အိပ်ယာမှ ထချိန်ရောက်ပြီ ဖြစ်ကြောင်း အချက်ပေးလိုက်သည်။

`တို့ဟူးသည်တွေတောင် ဈေးထွက်ပြီပဲ´

Valueအိပ်မှုံစုံမွှား ဖြစ်ချင်နေသေးသော စိတ်ကို ချိုးနှိမ်ရင်း နောက်ဖေးစဥ့်အိုးထဲမှ ရေတဖလားခပ်ပြီး မျက်နှာကို ခပ်သွက်သွက် သစ်လိုက်သည်။ ပြီးနောက်…၊ ရေအနည်းငယ်ကို လက်ဖ၀ါးထဲ ထည့်ပြီး နောက်ဇက်ပိုးကို တဖျောင်းဖျောင်း ရိုက်လိုက်တော့ စောစောက အိပ်ချင်နေတဲ့ စိတ်တွေ လုံးဝ မရှိတော့ပြီ…။

အိမ်တံစက်မြိတ်အောက်မှာ ရပ်ထားတဲ့ ဆိုက်ကားကို တွန်းထွက်လိုက်တော့ နံနက်ခင်းလေ လတ်လတ်ဆတ်ဆတ်က တနေ့တာ ရုန်းကန်ရတော့မည့် လှနိုင်ကို အားအင်တွေ ဖြည့်တင်းပေးလိုက်လေ၏။

***

`ဟဲ့…၊ ဟဲ့…၊ ဖြည်းဖြည်း၊ ဖြည်းဖြည်း၊ ငါ့တိုဟူးဗန်းလဲ ပြုတ်ကျကုန်ဦးမယ်´
`အင်းပါ ဒေါ်ကြီးတင်ရ´

အခုလို မနက်စောစောပိုင်းတွေမှာတော့ လှနိုင်တို့ လမ်းထဲက တို့ဟူး ကျိုရောင်းသူတွေကို နန္ဒ၀န်ဈေးထဲကို လိုက်ပို့ပေးရတတ်သည်။ တခါတလေလဲ လှနိုင်ရဲ့ ဆိုက်ကားက မနက်ခင်း စောစောစီးစီးမှာ ကန်ဇွန်းရွက်စည်းတွေ အပုံအပင် ပြည့်သိပ်လို့ တအိအိနှင့်ပေါ့…။

***

နေရောင် နည်းနည်းပွင့်လို့ မနက်ခြောက်နာရီကျော်ကျော် ဆိုရင်တော့ လပေးနှင့် ကျောင်းပို့ကျောင်းကြို ရသော ကလေးတွေကို တင်လို့ ကျောင်းချိန် အမှီ ဆိုက်ကားနင်းရ၏။

`သမီးလေး၊ ဒီနေ့ ကျောင်းမှာရွတ်ပြရမယ့် ကဗျာ ကျက်လာပြီးပြီလား´
`ဟုတ်ကဲ့မေမေ´

ကလေးအမေ ဖြစ်သူက မူလတန်းကျောင်းသူ သူ့သမီးငယ်ကို မေးနေသော အသံကို ဆိုက်ကား နင်းနေရင်းမှ လှနိုင်တယောက် အတိုင်းသား ကြားနေရသည်။

`မေမေ့ကို ရွတ်ပြပါဦး´
`မမ၀၀ ထထက၊ အက ပထမ၊ ကပါ ကပါ မမရာ၊ ညည လသာသာ၊ ညအခါ ငါစာရ၊ မမ၀၀ ထထက´
`သမီးလေးက အရမ်းတော်တာပဲ၊ နောက်တပုဒ်ကရော´
`မနီကလေး ဘယ်ကလာ၊ အိမ်ကထွက်လို့လာ၊ မနီကလေး ဘယ်ကိုသွား စာသင်ကျောင်းကိုသွား၊ စာသင်ကျောင်းက ဘာတွေသင်၊ စာရေးစာဖတ်သင်၊ စာရေးစာဖတ် ဘာလုပ်ဖို့၊ မနီလိမ္မာဖို့´

`တော်လိုက်တဲ့ သမီးလေး´

ကလေးမလေးရဲ့ ကဗျာရွတ်သံနှင့်အတူ ကလေးအမေရဲ့ ပီတိရွှမ်းသော ချီးမွမ်းသံက လှနိုင် နင်းနေသော ဆိုက်ကားပေါ်တွင် ကြည်နူးစရာကောင်းလှစွာ လွင့်ပျံ့နေလေတော့သည်။ ကဗျာရွတ်ပြီးတော့ ကလေးမလေးက မုန့်စားရင်း အသာငြိမ်သွားသည်။ ခဏကြာတော့ အမေဖြစ်သူကပင် ဆက်၍…

`သမီးလေး၊ ကျောင်းကိုရောက်ရင် ဆရာမသင်တာကို သေသေချာချာ နားထောင်နော်´
`ဟုတ်ကဲ့ မေမေ´
`သမီးလေး စာကြိုးစားရမယ်နော်၊ စာကြိုးစားမှ ပညာတတ်ကြီး ဖြစ်မှာ သမီးရဲ့´
`ဟုတ်´
`ပညာတတ်တဲ့ အခါကျတော့ သူများတွေထက် မျက်နှာမငယ်ရဘူးပေါ့ သမီးရယ်´

ကလေးအမေက သူ့သမီးကို ပြောရင်းဖြင့် ဆိုက်ကားနင်းနေသော လှနိုင်ဆီကို မျက်လုံးတချက် ဝေ့အကြည့် လှနိုင်ကလဲ နောက်ကလာသော ကားရှင်းမရှင်းကို လှည့်ကြည့်ခိုက်နှင့် အကြည့်တချက် ဆုံသွားသည်။ လှနိုင် ခပ်မြန်မြန်ပင် အရှေ့ကို မျက်နှာပြန်မူလိုက်၏။

***

`ဆိုက်ကား… အားလားဟေ့´
`ဟုတ်ကဲ့ အားပါတယ် အကို၊ ဘယ်သွားချင်လို့လဲ ခင်ဗျ´
`ဇာဂ (၄) လမ်းကို´
`ဘယ်လောက်ပေးရမလဲ´
`တယောက် ၂၀၀ ပါ အကို´
`များတာပေါ့ကွ၊ ၁၅၀ ပဲယူကွာ´

လက်ထဲမှာ ဖောင်းကားနေသော သားရေအိတ်ကို ကိုင်ထားတဲ့လူရဲ့ ဈေးဆစ်မှုကို ဘာမှ ပြန်ပြောမနေတော့ဘဲ ခေါင်းကို ခပ်သွက်သွက် ငြိမ့်ပြလိုက်ပြီး ဆိုက်ကားပေါ် တက်စေလိုက်သည်။ တော်ကြာ တခြားဆိုက်ကားကိုပဲ သွားစီးနေမှဖြင့် ပါစင်ဂျာ လွတ်သွားဦးမည်…၊ သိပ်ပြီး တင်းခံနေလို့ မဖြစ်…။

`ညကပွဲကတော့ ကွဲတာပဲဗျာ၊ ဖွတ်ကျားမန်ယူ ရှုံးသွားတယ်´
`ဟုတ်လား၊ ခင်ဗျား ဘယ်လောက် ထိသွားလဲ´
`တပုံးခွဲဗျ´
`ဟာ၊ မနည်းဘူးဘဲဗျ၊ ဒိုင်လဲ ထောပြီ ထင်တယ်၊ မန်ယူဘက်ကနေ ထိုင်ကြတဲ့လူတွေက မနည်းဘူးဗျ´
`သေချာတာပေါ့ဗျာ´
`နောက်တနေ့ အာကြီးပွဲ ဘယ်လိုပေါက်လဲ´
`တလုံး ငါးမူးစားတဲ့´
`ခင်ဗျား အပေါ်ထိုင်မလား၊ အောက်နေမလား´
`အာကြီးက ယုံစားလို့ မရဘူး၊ အောက်က နေကြည့်ဦးမယ်ဗျာ´

အာကြီး၊ မန်ယူ၊ တလုံးငါးမူးစား…၊ အပေါ်ထိုင်၊ အောက်နေ၊ မြန်မာတွေပြောတဲ့ စကားကို မြန်မာတယောက်ပင် ဖြစ်တဲ့ လှနိုင်ကတော့ ဘာမှနားမလည်…။ `အကို၊ အဲဒါ ဘာတွေလဲ´ လို့ မ၀ံ့မရဲ မေးလိုက်တော့ ရှေ့မှာ ထိုင်စီးလာတဲ့ ပုဂ္ဂိုလ်က တော်တော်အတဲ့ကောင်ပဲ ဆိုတဲ့ အကြည့်ဖြင့် ကြည့်ပြီး `ဘောလုံးပွဲအကြောင်းလေ၊ ပရီးမီးယားလိဂ် ဆိုတာ မင်းမကြားဖူးဘူးလား´ ဟု ပြန်ဖြေ၏။ `သြော်၊ ဟုတ်ကဲ့´ ဟုသာ အလိုက်အထိုက် ပြန်ဖြေပြီး ဆိုက်ကားကိုသာ အားစိုက် နင်းနေလိုက်သည်။

`ဟေး၊ ခင်ဗျားသား အကြီးကောင် ဆယ်တန်းအောင်သွားပြီလား´
`မနှစ်က ကျတယ်၊ ဒီကောင့်ကြည့်ရတာ ဆက်လဲ ဖြေချင်ပုံ မပေါ်ပါဘူး၊ အဲဒါနဲ့ ကျနော့်ဆိုင်မှာပဲ ကူလုပ်ခိုင်းထားတယ်´
`အင်း၊ အဲဒါက ပိုကောင်းပါတယ်လေ၊ အိမ်ကကောင်လဲ ဆယ်တန်းတော့ အောင်ပြီ၊ တက္ကသိုလ်တက်ချင်တယ် ဆိုလို့ ပေးတော့ တက်ထားတာပဲ၊ ကျောင်းသား ဘ၀ပျော်ချင်လို့ပါတဲ့လေ´
`ကျနော့်ကောင်ကတော့ ဆိုင်မှာ တော်တော်လေးတောင် အားကိုးနေရပြီဗျ´

***

သူတို့ သွားလိုတဲ့ ဇာဂ (၄)လမ်းထိပ်ကို ရောက်တော့ လှနိုင်လဲ ချွေးတွေ ရွှဲစိုနေလေပြီ။ နေကလဲ မြင့်ပြီကိုး…။

`ရော့ဟေ့၊ ဆိုက်ကားခ´

ကမ်းပေးလာသော ငါးရာတန်ကို ပြန်အမ်းဖို့ လှနိုင် အိတ်ကပ်ထဲက ပိုက်ဆံအိတ် အပေါစားကို အလျင်စလို ဆွဲထုတ်လိုက်သည်။ ငွေစက္ကူရောရာတွေထဲကမှ နှစ်ရာတန် တရွက်ကို ဆွဲအထုတ်မှာ ကဒ်တကဒ်က ပိုက်ဆံအိတ်ထဲမှ မြေကြီးပေါ် ထွက်ကျသွားသည်။ ငါးရာတန် ကမ်းပေးသော ပုဂ္ဂိုလ်က ကဒ်ပြားကို ကောက်ယူပြီး လှနိုင်ကို ပြန်မပေးမီ ဘာရယ်မဟုတ် ကြည့်မိလိုက်တော့…

`မောင်လှနိုင်၊ အဝေးသင်တက္ကသိုလ်၊ သမိုင်းအထူးပြု၊ ခုံအမှတ်၊ … … …´

ငွေနှစ်ရာ ပြန်အမ်းပြီး ဆိုက်ကားကို ပြန်နင်းထွက်လာသော မောင်လှနိုင်ကို စောစောက ဆိုက်ကားစီးသူက အငေးသားဖြင့် ကျန်ခဲ့၏။

***

နေ့လည်နေက ပူလွန်းလှသည်။

နဖူးမှ တောက်တောက်ယိုအောင် ကျလာသော ချွေးစက်တွေကို လှနိုင်တယောက် ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်သည်။ ချွေးစက်များနှင့်အတူ ပူခနဲဖြစ်နေသော မျက်ဝန်းအစုံမှ အရည်တွေပါ ရောပါသွားသလားတော့ မပြောတတ်…။ မနက်ခင်း ခပ်စောစောတုန်းက ကလေးမလေးရဲ့ ကဗျာရွတ်သံက လှနိုင်နားထဲကို ပဲ့တင်သံ တခုနှယ် ပြန်ကြားယောင်လာပြန်သည်။

`စာသင်ကျောင်းက ဘာတွေသင်၊ စာရေးစာဖတ်သင်၊ စာရေးစာဖတ် ဘာလုပ်ဖို့… … … … စာရေးစာဖတ် ဘာလုပ်ဖို့… … … စာရေး စာဖတ်ဘာလုပ်ဖို့´

နေပူပူရဲ့ အောက်မှာ လှနိုင်ရဲ့ ဆိုက်ကားက တရွေ့ရွေ့…။

ကလိုစေးထူး

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved