|
ပြန်လွတ်ရန် မျှော်လင့်ချက် မရှိဘဲ ဒေါ်စုကြည်၏ မွေးနေ့ကို ကျင်းပရဦးမည် |
|
|
|
လာရီရေဂင်
|
|
ကြာသပတေးနေ့၊ ဇွန်လ 19 2008 11:51 - မြန်မာစံတော်ချိန် |
|
Page 1 of 3
တကမ္ဘာလုံးမှ သန်းပေါင်းများစွာသော လူထုသည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ကို ဇွန်လ (၁၉) ရက်နေ့ တွင် ကျင်းပကြတော့မည် ဖြစ်သည်။ အာရှ၊ သြစတြေလျ၊ ဥရောပ နှင့် မြောက်အမေရိကတိုက် တို့ရှိ အဓိက မြို့ကြီးများတွင် အသေအချာ ညှိနှိုင်းစီစဉ် ကျင်းပကြမည့် ဤလှုပ်ရှားမှုကြီးက ကမ္ဘာပေါ်ရှိ အထင်ရှားဆုံး လွတ်လပ်ရေး တိုက်ပွဲဝင်သူတဦး ရန်ကုန်မြို့ အင်းယားကန်ဘေးရှိ သူမနေအိမ်တွင် အကျယ်ချုပ် ကျခံနေရသည့် ဆင်းရဲ ဒုက္ခကို မီးမောင်းထိုး ဖေါ်ပြရန် ကြိုးစားကြလိမ့်မည် ဖြစ်သည်။
သို့သော် သန်းပေါင်းများစွာသော မြန်မာနှင့် နိုင်ငံတကာ ဆန့်ကျင် ကန့်ကွက်သူများက သူမကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုကြသော်လည်း မြန်မာ စစ်အစိုးရကမူ တုတ်တုတ်မျှ လှုပ်လိမ့်မည် မဟုတ်ပေ။ “သူတို့ ခုန်ချင်သလောက်ခုန်၊ ဆူချင်သလောက် ဆူစမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကတော့ ဂရုစိုက်မှာ မဟုတ်ဘူးဗျ” ဟု အကြီးတန်း အစိုးရ အရာရှိကြီး တဦးက ဆိုပါသည်။ ကျေအေး ပျော့ပျောင်းလာစေရန် စစ်အစိုးရကို ဖိအားပေး၍မရ ဆိုသည်မှာ သူတို့၏မူပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာမျှ အထိန်းသိမ်းခံ ဘဝဖြင့် နေခဲ့ရသည်။ ယခု လောလောဆယ် တတိယ အကြိမ်မြောက် အကျယ်ချုပ် ကျခံနေရသည်။ ၂ဝဝ၃ ခုနှစ် မေလ က မြန်မာနိုင်ငံ အထက်ပိုင်းတွင် သူမ လိုက်ပါလာသော ယဉ်တန်းကို ရက်စက် ကြမ်းကြုတ်စွာ တိုကိခိုက်ခံရပြီးနောက် အာဏာပိုင်များက သူမကို အကျယ်ချုပ် ချထားခဲ့ပြန်သည်။ လွန်ခဲ့သော ၅ နှစ် လုံးလုံး အားလုံးနှင့် အဆက်ဖြတ် ခံထားရကာ ဤသို့ အကျယ်ချုပ် ကျခံနေခဲ့ရခြင်း ဖြစ်သည်။ သူမ၏ ဆရာဝန်နှင့်လည်း မှန်မှန်တွေ့ဆုံခွင့် မရ။ ကုလ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့်လည်း လွန်ခဲ့သော ၂ နှစ်အတွင်း ၅ ကြိမ်သာ တွေ့ဆုံခွင့် ရခဲ့သည်။
ဖိနှိပ်ချုပ်ချယ်လှသော စစ်အစိုးရ၏ လက်အောက်တွင် နှစ်ပေါင်း ၄ဝ ကျော် ပြားပြားဝပ် နေခဲ့ရသည့် မြန်မာ ပြည်သူများအတွက်၊ သူတို့ လိုလား တောင့်တနေသော လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးတို့ အတွက် ဒေါ်အောင်ဆန်း စုကြည်သည် မျှော်လင့်ချက် ဖြစ်သည်။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်မရမီ ၁ဝ လကြာမျှ သူမ အကျယ်ချုပ်ဘဝဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ သို့သော် သူမ၏ ပါတီသည် မည်သည့်အခါကမျှ အစိုးရ ဖွဲ့ခွင့်မရခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ဖြင့် သူမ၏ မွေးနေ့ကို တကမ္ဘာလုံးက ရေးကြီးခွင်ကျယ်လုပ် ကျင်းပကြခြင်းကို သဘောကျလိမ့်မည် မဟုတ်ပါ။ သူမကို ပုဂ္ဂိုလ်ရေးအရ ဂရုစိုက် အရေးတယူ လုပ်ခြင်းကို အစဉ်တစိုက် ရှောင်ရှားခဲ့သည်ချည်း ဖြစ်သည်။ သူမ၏ ခင်ပွန်းနှင့် သားများက သူမကိုယ်စား ၁၉၉၁ ခုနှစ်က နိုဘယ်လ်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် သူမကိုယ်စား ဆုလက်ခံ ရယူခဲ့စဉ်ကလည်း ပြင်ပသို့ ခိုးထုတ်နိုင်ခဲ့သော သူမ၏ ဆုလက်ခံသည့် မိန့်ခွန်းတွင် ဤဆုသည် သူမတဦးတည်းကို ပေးအပ်သည့်ဆု မဟုတ်ပါကြောင်း၊ ဒီမိုကရေစီ တိုက်ပွဲဝင် မြန်မာပြည်သူ အားလုံးကို ပေးအပ်သည့် ဆုအဖြစ် မှတ်ယူပါကြောင်း သူမက ပြောကြားသွားခဲ့သည်။
သူမသည် ဤသို့ တလျှောက်လုံး ခပ်လျှိုလျှို ခပ်မှိန်မှိန် နေလာခဲ့သူသာ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်နေသော သူမ၏ မိခင်ကြီးကို ပြုစု စောင့်ရှောက်ရန် ၁၉၈၇ ခုနှစ်တွင် ပြန်လာကတည်းက သူမ၏ ပုဂ္ဂိုလ်ရေးကိစ္စ အားလုံးကို မြန်မာပြည်သူများ အကျိုးငှါ ဘေးဖယ်ထားခဲ့သူသာ ဖြစ်သည်။
“သာမန်ပြည်သူတွေရဲ့ သတ္တိတွေ၊ စွန့်လွှတ်စွန့်စားမှုတွေက ကျမစိတ်ကို လှုံ့ဆော်ပေးခဲ့တာပါ” ဟု ၆ နှစ်ကြာ အကျယ်ချုပ်နှင့် နေခဲ့ရပြီးနောက် ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့က ပထမဆုံးအကြိမ် လွတ်မြောက်လာပြီး သူမကို တယ်လီဖုံးမှတဆင့် အင်တာဗျူး လုပ်ခွင့်ရခဲ့စဉ်များက မကြာခဏ ပြောကြားခဲ့သည်။
သို့သော် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ သူမ၏ အမည်ကိုပင် ကြားလို့မရ။ “သူမ နာမည်ကို ကြားလိုက်တာနဲ့ အဘိုးကြီး ဘာစကားမှ မပြောတော့ဘဲ ဒေါသတွေ ထွက်နေတော့တာဘဲ” ဟု ထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် နီးစပ်သော အကြီးတန်း စစ်အရာရှိ အသိုင်းအဝိုင်း က ပြောကြားပါသည်။
၂ဝဝ၂ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေးကို ဖနွမ်းပင် မြို့တွင် ကျင်းပစဉ်က ဗိုလ်ချုပ်မှူးကြီး ရှေ့တွင် သူမ၏ နာမည်ကို ထုတ်ဖေါ် ပြောကြားခြင်း မပြုပါရန် မြန်မာ နိုင်ငံခြားရေးဝန်ကြီးက အခြား အာရှနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများကို သတိပေးခဲ့သည်။ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကလည်း ဤထိပ်တန်း ဗိုလ်ချုပ်ကြီး၏ ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို တတ်နိုင်သမျှ သိပ်မပြောဘဲ နေပါရန် ကုလ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်ကို သတိပေးခဲ့ဖူးသည်။
သူသည် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ပြောမိလိုက်သည့်အခါ သန်းရွှေ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲ သွားခဲ့သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာစန်ဝီရာဂျူဒါ (Dr. Hasan Wirajuda) ကလည်း ကုလအရာရှိများကို တိုးတိုးတိတ်တိတ် ပြောဖူးသည်။ “သူ့မျက်လုံးတွေက အရောင် တောက်လာပြီးတော့ မျက်နှာကြောတွေကလည်း တင်းလာလိုက်တာ၊ ကျနော်တို့ ဆွေးနွေးပွဲ နိဌိတံသွားပြီ ဆိုတာ တခါထဲ သေချာသွားတော့တာပဲ” ဟု သူက ပြန်ပြောပြခဲ့သည်ဟု ဆိုသည်။
ဤအချက်သည် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရေး၌ အဓိက အတားအဆီး အခက်အခဲတခု ဖြစ်မြဲ ဖြစ်နေသည်။ ဤဒီမိုကရေစီ ခေါင်းဆောင်နှင့် အခိုင်အမာ ဆွေးနွေးပြောဆိုရန် မြန်မာနိုင်ငံ၏ ထိပ်တန်း ဗိုလ်ချုပ်ကြီးများက စိတ်မဝင်စားပါ။ “ကျမတို့က သူတို့ကို စေ့စပ် ဆွေးနွေးရေး စားပွဲပေါ် ရောက်လာအောင် ၁၄ နှစ်လုံးလုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က တခါမှ ဒီအကြောင်းကို ထည့်ပြီး မစဉ်းစားခဲ့ဘူး” ဟု ၂ဝဝ၃ ခုနှစ် မတ်လက သူမနှင့် နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့စဉ် ကျနော့်ကို ပြောသွားခဲ့ပါသည်။
အခြား တဘက်တွင်မူ တိုင်းပြည်၏ နိုင်ငံရေး အနာဂါတ်နှင့် စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်ကြီးများကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ သူတို့ဘက်ကသာ အဓိပ္ပါယ် ပြည့်ဝသော ဆွေးနွေးပွဲများကို စတင်မည်ဆိုလျှင် မည်သည့် ကိစ္စကိုမဆို ဆွေးနွေး ညှိနှိုင်းနိုင်ပါသည်ဟု ယခုအခါ အမှောင်ဖုံးသော သောကြာနေ့ ဟု ပြောဆိုနေကြသည့် သူမ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မခံရမီ၊ တတိယအကြိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း မခံရမီ ရက်သတ္တပတ် အချို့က သူမက ကျနော့်ကို ပြောကြားခဲ့ပါသည်။
“အခု တဦးနဲ့တဦး အတိုက်အခံတွေ ဖြစ်နေပေမဲ့ နိုင်ငံ ကောင်းကျိုးအတွက်ဆို ကျမတို့ အတူတကွ လက်တွဲ လုပ်သင့်တာပေါ့။ ကျမတို့မှာ သူတို့အပေါ် အာဃာတ မထားပါဘူး။ လက်စားချေဘို့လည်း မဟုတ်ပါဘူး။ တပ်မတော်သားတွေ အပါအဝင် လူတိုင်းအတွက် အကျိုးးရှိစေမဲ့ ညှိနှိုင်း ဖြေရှင်းမှုတရပ်ကို ကျမတို့ လိုချင်ပါတယ်” ဟု ၂ဝဝ၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သူမ၏ ကံဆိုးမိုးမှောင်ကျသော ခရီးစဉ်မတိုင်မီ နောက်ဆုံး အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောသွားပါသည်။
စာမျက်နှာ ၂ သို့ ဆက်ရန် ...
|