ဆောင်းပါး ငါတို့ကို ဧရာဝတီ ပြန်ပေးပါ
ငါတို့ကို ဧရာဝတီ ပြန်ပေးပါ Print E-mail
အောင်မော်ဦး   
အင်္ဂါနေ့၊ မေလ 13 2008 11:31 - မြန်မာစံတော်ချိန်

   နာဂစ်ရေ

        မင့် ခံတွင်းထဲ ငုံခဲထားတဲ့

             ငတို့ သွေးချင်းသားရင်းတွေ ပြန်ပေးပ

     ငတို့ စပါးကျီကြီး ပြန်ပေးပ

               ငတို့ မြစ်ဝကျွန်းပေါ်ကြီး ပြန်ပေးပ

                           ငတို့ ဧရာဝတီကြီး ပြန်ပေးပ။

ကျနော့်ဇနီးသည်က ဘိုကလေး ဇာတိ။ ဘိုကလေး၌ သူ၏ မောင်နှမများနှင့် ဆွေမျိုးသားချင်းများ ရှိသည်။ ဘိုကလေး၌ သူတို့ မိသားစုပိုင် အိမ်ကလေး တလုံး၊ ခြံကလေး တ၀ိုင်း၊ လယ်ကလေး တကွက်၊ နွားကလေး တရှဉ်း၊ ကျီကလေး တလုံး စသဖြင့် ဇာတိရနံ့ဟု ပြော၍ ရနိုင်သည့် အရာများ ရှိသည်။ အိမ်၌ အတူနေကြ သူများသည်လည်း ဖျာပုံ၊ ဘိုကလေး ဇာတိသားများချည်း ဖြစ်၍ သူတို့၏ မိသားစု အားလုံးသည်လည်း နာဂစ်၏ ခံတွင်း၊ နာဂစ်၏ စက်ကွင်းနှင့် လမ်းသင့်လေရာ၌...။

မည်သူ့မျှ မေး၍မရ၊ မည်သည့်ဖုန်းမျှ ဆက်၍ မရသဖြင့် သောက ရောက်နေကြသည့် ဇနီးသည်နှင့် အိမ်ရှိ လူများ၏ အဖြစ်သည် တခုခုကို သိချင်စိတ် ပြင်းပြစွာဖြင့် အပူတပြင်း ကြိုးပမ်းနေသော်ငြား တကယ်တမ်း သိရမည့်အဖြေကိုမူ ကြားရဲကြပုံ မရ။ သို့သော် အမျိုးမျိုးသော ဖော်ပြချက်များအရ အနီးစပ်ဆုံး အဖြေတခုကိုမူ အဆိုးဆုံးအထိ မျှော်လင့် ထားကြပုံတော့ ရသည်။ 

သည်လို အစိုးရမျိုးနှင့် သံသရာ တခရီးတည်း သွားနေရသည့် တိုင်းပြည်သည် ကံဆိုးလှ၍ တိုင်းသူ ပြည်သူများသည်လည်း ကံဆိုးလွန်း လှပေသည်ဟု ပြောရမည် ထင်သည်။ သိန်းနှင့်ချီ သေ၍ သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်စေမည့် နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ အစိုးရသည် လက်တ၀ါးစာမျှရှိသည့် သတင်းစာ ဖြတ်ပိုင်းလေးတခုဖြင့် တိုင်းပြည်နှင့် လူထုကို မည်ကာမတ္တ သဘော အသိပေးခဲ့သည်။ ထို့အတူ မည်သည့် အရေးယူ ဆောင်ရွက်မှုကိုမျှလည်း အလေးထား မလုပ်ဆောင်ခဲ့။

  နေပြည်တော် နာဂစ်သတင်းမင်နီသားထားသည့် ဤ ဖြတ်ပိုင်းလေးကို http://www.ireport.com/docs/DOC-20548 ၌ ဖတ်လိုက်ရသည်။ အိန္ဒိယနိုင်ငံမှလည်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မုန်တိုင်း မကျရောက်မီ အနည်းဆုံး တပါတ်ခန့် စော၍ (၃) နာရီခြား တကြိမ် စစ်အစိုးရထံ အသိပေးခဲ့သည်ဟု ထုတ်ဖော် ပြောဆိုသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။

အကယ်၍ "မုန်တိုင်းအန္တရာယ် အထူးသတိပေး ကြေညာချက်" ဟူ၍ သတင်းစာမျက်နှာဖုံး၌ စာလုံးမည်းကြီးများနှင့် ဖော်ပြ၍ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ နာရီမလပ် ထုတ်လွှင့်ကြေညာပြီး ရပ်ကွက်တိုင်း၌ ဥသြဆွဲ သတိပေးခဲ့မည် ဆိုလျှင်၏။ အကယ်၍ မုန်တိုင်း ဗဟိုချက်ကျရာ အရပ်ဒေသများမှ ပြည်သူများကို ရွေ့ပြောင်း နေရာ ချထားမှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ ကျီများနှင့် ဂိုထောင်များထဲရှိ ဆန်၊ စပါးများနှင့် မျိုးစပါးများအား ရွှေ့ပြောင်း သိုလှောင်မှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ မဲရုံများအစား ကယ်ဆယ်ရေးနှင့် နေရာ ချထားရေး စခန်းများ လုံလုံလောက်လောက် ဖွင့်လှစ် ထားရှိပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ နိုင်ငံတကာ အစိုးရများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီကို ရယူ၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားပေးခဲ့မည် ဆိုလျှင်.... ။

သို့သော် စစ်အစိုးရသည် ပြည်သူလူထုကို လိမ်လည် လှည့်ဖျားခဲ့သည်။ တနာရီ မိုင် ၁၂၀ နှင့် ၁၆၀ အကြားဟု ပြောရမည့် အစား တနာရီ မိုင် ၄၀ နှင့် ၄၅ မိုင်ဟု ပြောခဲ့သည်။ နီးရာဓား ကြောက်ကြရသည့် ပညာရှင်များထဲ၌ မိုးလေ၀သ ပညာရှင်များလည်း ပါဝင် ကြလိမ့်မည်ကို နားလည်နိုင်ပါသည်။ သို့သော် ယခုကိစ္စသည် လူသန်းပေါင်းများစွာ အတိဒုက္ခ ရောက်ကြရမည့် "မဟာကပ်ဆိုက်မှုကြီး" ဖြစ်ပါသည်။ မိမိတို့ ကျွမ်းကျင်ရာ၊ အသက်မွေးဝမ်းကျောင်း ပြုရာပညာရပ်ဖြင့် ရှာဖွေ တွေ့ရှိထားသည့် (သို့) နိုင်ငံတကာပညာရှင်များ ပေးပို့ ဖလှယ်ထားသည့် သတင်း အချက်အလက် အမှန်များကို တရားဝင် ထုတ်ဖော် တင်ပြခွင့်မရလျှင် အခြားနည်းလမ်းတခုခုကို သုံး၍ လူအများသိအောင် မုချ ကြိုးပမ်းသင့်ပါသည်။ ယနေ့လို သတင်းနှင့် နည်းပညာ ထွန်းကားသည့် ခေတ်၌ ပို၍ပင် လွယ်ကူပါသည်။ ကိုယ်ကျိုးစွန့်ရန်လည်း မလိုသလို၊ အသက်စွန့်ရန်လည်း မလိုပါ။ မီဒီယာများ၊ ဘလော့ဂါများမှ တဆင့် လူထုဆက်သွယ်ရေး နည်းလမ်းတခုခုကို အသုံးပြု၍ (အမည်မဖော်ဘဲ) အလွယ်တကူ မျှဝေနိုင်ပါသည်။ သို့သော် ထိုပညာရှင်များသည် အဖြစ်မှန်ကို ထိန်ချန်ဖုံးကွယ်ခြင်းနှင့် သတင်းအချက်အလက် အမှားများ ကို လူအများအား ဖြန့်ဝေခြင်းဟူသည့် လုပ်ကြံမှုကြီးတခုကို ဗိုလ်ချုပ်ကြီးများ နည်းတူ ကျူးလွန်ခဲ့ကြပါသည်။ 

မြန်မာပြည်၏ စပါးကျီဟု ပြောစမှတ် ပြုရသည့် မြစ်ဝကျွန်းပေါ် ဒေသကြီးတခုလုံး ပျက်သုဉ်းသွားခဲ့ပြီ။ ထိုဒေသကြီးရှိ လယ် မြေဧကပေါင်း များစွာ ပျက်သုဉ်းသွားကြပြီ။ ထိုဒေသကြီး၌ ဓားမဦးချ နေထိုင်၍ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ပေးနေသည့် လယ်သမား မိသားစုကြီးများ ပျက်သုဉ်းသွားကြပြီ။ ထိုလယ်သမားများ၏ အသက်သခင်ဟု ပြောစမှတ် ပြုကြရသည့် ကျွဲ၊ နွား သတ္တ၀ါများ ပျက်သုဉ်းသွားကြပြီ။ ထို လယ်သမားများ စုဆောင်း သိုလှောင်ထားသည့် မျိုးစပါးများ ပျက်သုဉ်းသွားကြပြီ။ 

ဤအရပ် ဤဒေသ၌ စပါးကျီကြီးတခု ပြန်ဖြစ်လာစေရန် အနည်းဆုံး (၅) နှစ်မက စနစ်တကျ ကြိုးပမ်းမည် ဆိုလျှင်တောင်မျှ ရနိုင်ပါမည်လော မပြောတတ်။ ကပ်မဆိုက်မီကတည်းက ငတ်နေနှင့်သည့် တိုင်းပြည်တပြည်အဖို့ ကပ်ဆိုက်ပြီးနောက် ပို၍ ငတ်ကြပြတ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲ။ ဆန်ရေစပါး ရှားပါးမှုနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို လာမည့် သုံးလေးငါးနှစ်မက အလူးအလဲ ခံကြရပေလိမ့်မည်။ ကောသွားသည့် လယ်များ၊ ကွင်းဆက်ပြတ်သွားသည့် လယ်သမား မျိုးဆက်များ၊ မျိုးတုန်းသွားသည့် မျိုးစပါးများ၊ ပျောက်ဆုံးသွားသည့် ကျွဲနွားများနှင့် လယ်လုပ် ကိရိယာများ စသဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်သည့် ဆုံးရှုံးမှုများအား နိုင်ငံတကာ အကူအညီနှင့် နည်းပညာ အကူအညီတို့ကို သာမက အလွန် အရေးပါသည့် နိုင်ငံသူနိုင်ငံသားများ၏ အကူအညီကို မရရှိပါဘဲနှင့် မည်သို့မျှ တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။ 

ကမ္ဘာ့နိုင်ငံ အသီးသီး၌ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း မိမိတို့နှင့် သွေးသားတော်စပ်မှ မဟုတ် လူသားချင်း စာနာသနားစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် လှူကြ တန်းကြသည်။ မိမိတို့ ရောက်ရှိရာနိုင်ငံရှိ ဘာသာရေးအဖွဲ့ များမှတဆင့် လှူကြသည်။ နိုင်ငံရေးအဖွဲ့များမှတဆင့် လှူကြသည်။ လူမှုရေးအဖွဲ့များမှ တဆင့် လှူကြသည်။ ကုလသမဂ္ဂမှ တဆင့် လှူကြသည်။ အစိုးရမဟုတ်သည့်အဖွဲ့များမှတဆင့် လှူကြသည်။ ထူးခြားသည်မှာ မည်သူမျှ မြန်မာသံရုံးများသို့ သွား၍ သံအမတ်ကြီးများထံ အလှူငွေများထည့်ဝင်ကြသည်ဟူ၍ မကြားမိခြင်းပင်။ 

နိုင်ငံတကာမှ လေယာဉ်ကြီးငယ်များ၊ သင်္ဘောကြီးငယ်များဖြင့် အခေါက်ခေါက် အခါခါ ပို့ဆောင်ပေးနေသည့် လူသားချင်း စာနာသည့် အကူအညီများသည် လတ်တလော ဒုက္ခရောက်နေကြရရှာသည့် မသေမပျောက် ရှင်ကျန်ရစ်ခဲ့သူများအတွက် ရုပ်ပိုင်းဆိုင်ရာအရ သာမက စိတ်ဓာတ်ရေးရာအရပါ အထူးတလည်ကို အထောက်အကူ ပြုပေလိမ့်မည်။ သို့သော် စစ်အစိုးရသည် ဤအကူအညီများ (ပစ္စည်းများသက်သက်)ကိုသာ လက်ခံ၍ ကပ်ဘေးဒုက္ခ ကြီးငယ်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များအား လက်သင့်လည်း မခံသလို ၎င်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်မည်ကို အထူး စိုးရိမ်မိရပေသည်။  

စစ်တပ်သာလျှင် တိုင်းပြည်ချစ်သည် ဟူသည့် စိတ်ကူး တထွာတမိုက်ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စစ်သားများချည်း လုပ်၍မရ။ ကယ်ဆယ်ရေး ဌာနများချည်း လုပ်၍ မရပါ။ စေတနာ့ဝန်ထမ်း အရပ်သူ အရပ်သားများ ၀ိုင်းဝန်းလုပ်ဆောင်ကြမှ ရနိုင်ပေမည်။ ရဟန်းသံဃာများ၊ ကျောင်းသူ ကျောင်းသားများ၊ ၀န်ထမ်းများ၊ တတ်သိ ပညာရှင်များ၊ အနုပညာရှင်များ၊ အားကစားသမားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ လက်လုပ်လက်စားများ စသဖြင့် နယ်စုံပယ်စုံမှ လူစုံတက်စုံ အင်တိုက်အားတိုက် လုပ်မှ ရပေမည်။ များများနှင့် မြန်မြန်လုပ်မှသာ ကူးစက်ရောဂါ အပါအ၀င် နောက်ဆက်တွဲ ပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ် ဖြေရှင်း ပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် NLD အပါအ၀င် နိုင်ငံရေး အင်အား စုများအားလည်း လွတ်လွတ်လပ်လပ် ကူညီ ဆောင်ရွက်ခွင့် ပေးရပေမည်။ လူမှုအသင်းအဖွဲ့များ ထူထောင်ခွင့်နှင့် လူမှုရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ကို စစ်အစိုးရအနေဖြင့် မုချ ခွင့်ပြုပေးရပေမည်။

ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အရေအတွက်ကို တိတိကျကျ စာရင်းပြုစုနိုင်ခြင်း မရှိသေးသော်လည်း ခန့်မှန်းခြေ စာရင်းများအရ (၃)သန်းမှ (၅) သန်းအထိ ရှိနိုင်သည်ဟု ဆိုကြသည်။ အကယ်၍ (၅) သန်းမျှ ရှိ၍ တဦးလျှင် တဒေါ်လာစီ ထည့်ဝင် စုဆောင်းကြသည် ဆိုပါစို့။ တလလျှင် ဒေါ်လာ(၅) သန်းမျှ ရှိမည့် ရန်ပုံငွေသည် ပြန်လည်ထူထောင်ရေး လုပ်ငန်း များအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျနော်တို့ အနေဖြင့် "ပြန်လည်ထူထောင်ရေး ရန်ပုံငွေ" ဟူသည့် ရန်ပုံငွေစနစ်တရပ်ကို ထူထောင်နိုင်ကြမည် ဆိုပါက မုချပင် အကျိုးရှိပေမည်။ သို့သော် ထိုရန်ပုံငွေကို ယခုလို ကပ်ဆိုက်မှုကြီးများ ပေါ်ပေါက်လာပါက အသုံးပြုရန်နှင့် (စစ်အစိုးရလွန်) အနာဂတ် မြန်မာပြည် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၌သာ အသုံးပြုရန် ဟူသည့် ဦးတည်ချက်မျိုးဖြင့် ထူထောင်ထားရှိမည် ဆိုလျှင် မဖြစ်နိုင်ပါ၏လော။

အခွန်ပေးဆောင်ရသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် "အခွန်ကင်းလွတ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရန် မလိုသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် "သာရေး နာရေးစရိတ် ဖြစ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန် ထူထောင်သင့်သည်။ ထိုသို့သော ရန်ပုံငွေအဖွဲ့မျိုးကို ထူထောင်ရာ၌ မိမိတို့ဘာသာ ထူထောင်ကြခြင်းထက်၊ မိမိတို့ အသင်းအဖွဲ့တခုခု၏ လက်အောက်၌ ထားရှိကြခြင်းထက် ကုလသမဂ္ဂကဲ့သို့သော ကြားခံအဖွဲ့အစည်းကြီးတခုခု၏ ကြီးကြပ် ကွပ်ကဲမှုအောက်၌ မှတ်ပုံတင်၍ တရားဝင် ထူထောင်ခြင်းမျိုး ဖြစ်သင့်ပါသည်။ (ဥပမာ ယူနီဆက်၊ ယူနက်စကို ကဲ့သို့သော အဖွဲ့အစည်းများအောက်၌ မှတ်ပုံ တင်ထားရှိခြင်းမျိုး)

အခွန်ပေးဆောင်ရသည့် နိုင်ငံများအနေဖြင့် ဥပမာ အမေရိကန်၌ မြန်မာအလုပ်သမား တယောက်သည် တလလျှင် ပျမ်းမျှ ဒေါ်လာ (၃၀၀) မှ (၅၀၀) အတွင်း အခွန်ပေးဆောင်ရပါသည်။ ထိုအခွန်ငွေများ မြန်မာပြည် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားစေရေးအတွက် "အခွန် ကင်းလွတ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန် မြန်မာနှင့် နိုင်ငံတကာ ပညာရှင်များ စုစည်း၍ ညှိနှိုင်း လုပ်ဆောင်မည်ဆိုက ဖြစ်နိုင်ပါသည်။ အလားတူ အခွန်ပေးဆောင်ရန် မလိုသည့် နိုင်ငံများ၊ ဥပမာ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားတယောက် အနေဖြင့် မိမိတို့ တိုင်းပြည် ပြန်လည် ထူထောင်ရေးအတွက် တနေ့လျှင် ထိုင်းဘတ်ငွေ (၁) ဘတ်နှုန်း ထည့်ဝင် လှူဒါန်းနိုင်ပါသည်။ သို့သော် ကျန်းမာရေး အာမခံနှင့် လုပ်သား အာမခံစနစ် မရှိသည့် ထူးခြားချက်အရ ၎င်းလုပ်သားတဦး ထည့်ဝင်လှူဒါန်းငွေထဲမှ ရာခိုင်နှုန်းအချို့ကို သာရေးနာရေး စရိတ်အဖြစ် ပြန်လည် အသုံးပြုပေးရန် လိုပါသည်။ ဤနည်းဖြင့် အခွန်မပေးဆောင်ရသည့် နိုင်ငံများရှိ မြန်မာအလုပ်သမားများအတွက် "သာရေး နာရေးစရိတ် ဖြစ်စေသည့်" ရန်ပုံငွေ စနစ်တရပ်ကို ထူထောင်ထားရှိ နိုင်ပါသည်။

သေချာသည်မှာ မြန်မာပြည်၏ အကြီးဆုံး စပါးကျီကြီးတခုဟု ပြောစမှတ် ပြုရသည့် မြစ်ဝကျွန်းပေါ်ဒေသကြီးသည် ကပ်ဘေးကြီး ဆိုက်၍ စုံးစုံးမြုပ်နေရာမှ ရုန်းထ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သကဲ့သို့၊ စစ်အာဏာရှင် စနစ်အောက်၌ ချွတ်ခြုံကျ မွဲတေနေရသည့် ကျနော်တို့ တိုင်းပြည်ကြီးသည်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် မလွဲမသွေ လိုအပ်လိမ့်ဦးမည် ဟူသည့် အချက်ပင် ဖြစ်ပါသည်။

ပင်ကိုယ်အားဖြင့် ရိုးသားအေးဆေးစွာ နေထိုင်လို၍ အလှူအတန်းဟေ့ ဆိုလျှင် ရှေ့ဆုံးမှ ပါလေ့ရှိတတ်သည့် ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများ၏ ထူးခြားမှုမှာ ငွေကြေးရှိသူက ငွေကြေးလှူ၍ ပစ္စည်းရှိသူက ပစ္စည်းလှူပြီး ဘာမျှ မရှိသူက ကိုယ်ထဲရှိ သွေးကိုပင် ဖောက်၍ လှူတတ်ကြခြင်း ဖြစ်သည်။ သူတို့တွင် ရှိသည့် ကိုယ်ချင်းစာနာစိတ်နှင့် နိုင်ငံချစ်စိတ်ကို စစ်အစိုးရက အဓမ္မ ပိတ်ပင်ထားခဲ့သဖြင့် သူတို့ခမြာ ဖော်ပြခွင့် မရရှာကြ။ ထို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လူသားချင်း စာနာစိတ်နှင့် တိုင်းပြည်ချစ်စိတ်ကို ပြည့်ပြည့်၀၀ ဖော်ပြနိုင်စေရေးအတွက် ပြည်ပရောက် ပညာရှင်များ အနေဖြင့် နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်း၍ အလေးထား ဆောင်ရွက်သင့်ပေသည်။ 

သေချာသည်မှာ ကျနော်တို့၏ ချွေးနှဲစာ တကျပ်တပြားသည် ကပ်ဘေးကြီး ကယ်ဆယ်ရေးအတွက် အုတ်တချပ် သဲတပွင့်၊ ကျနော်တို့ တိုင်းပြည်ကြီး ပြန်လည် ထူထောင်ရေးအတွက် အုတ်တချပ် သဲတပွင့် ဖြစ်လေမည်လား မပြောတတ်။ သို့သော် နိုင်ငံသူ နိုင်ငံသားတယောက်အနေဖြင့် မိမိနိုင်ငံအတွက် မိမိတတ်နိုင်သည့် ဘက်မှ တခုခု လုပ်လိုက်ရသဖြင့် (သို့) လုပ်ခွင့်ရလိုက်ကြသဖြင့် ကျေနပ်မှု ရရှိသည်ကား အမှန်၊ ပီတိဖြစ်ရသည်ကား အမှန်ပင်။ မျက်ရည်ကြားမှ ပြုံးဖြစ်လိုက်သည့် အပြုံး။

အို ...

  နာဂစ်ငဲ့

     ဧရာဝတီဟာ

          ငတို့ရဲ့ ၀ိညာဉ်

               ငတို့ရဲ့ မိခင်

         ငတို့ဖို့ ဧရာဝတီ ပြန်ပေးပ။

အောင်မော်ဦး

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved