ဆောင်းပါး လူသားချင်း စာနာမှု အကူအညီ ဆိုတာဟာ ...
လူသားချင်း စာနာမှု အကူအညီ ဆိုတာဟာ ... Print E-mail
ကျော်လင်းဦး   
အင်္ဂါနေ့၊ မေလ 13 2008 11:29 - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံကို နိုင်ငံတကာ မိသားစုမှ လူသားချင်း စာနာမှု အကူအညီအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ပံ့ပိုးပေးဖို့ ပြင်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရက ကယ်ဆယ်ရေး ပစ္စည်းတော့ လက်ခံမယ်၊ ဒါပေမယ့် ကယ်ဆယ်ရေး လုပ်သားတွေတော့ အ၀င်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကတောင်မှ မြန်မာစစ်အစိုးရအပေါ် အံ့သြတကြီး ဖြစ်ကြရပါတယ်။ ပြည်သူ တသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံးတယ်လို့ ကုလသမဂ္ဂ ၀န်ထမ်းတွေက ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရတော့ ခေါင်းမာမာနဲ့ ကယ်ဆယ်ရေး လုပ်သားတွေဝင်ဖို့ ငြင်းဆန်နေပြီး လာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကိုလဲ သူတို့ လက်ထဲ အပ်ရမယ်လို့ တောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကမ္ဘာ့ စာနပ်ရိက္ခာ အဖွဲ့က လေယဉ်နှစ်စီးပေါ်မှာ ပါလာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းယူလိုက်ပြီး နောက်ထပ် တစ်စင်းကိုတော့ ပစ္စည်းတွေ ချခွင့်မပေးပဲ ပြန်လွှတ်လိုက်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ စာနပ်ရိက္ခာ အဖွဲ့ကြီးက အကူအညီတွေကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ နောက်မှာ နအဖ အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးနေပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ပြန်လည် တင်ပို့ပေးဦးမယ်လို့ ယာယီ ဆုံးဖြတ်ထားပါတယ်။

ဒီအဖြစ်အပျက်တွေကြောင့် နအဖ စစ်အစိုးရရဲ့ ရုပ်လုံးဟာ ကမ္ဘာပေါ်မှာ သုံးမရအောင် စုတ်ပြတ် သွားခဲ့ပါပြီ။ နိုင်ငံတကာ အစိုးရတွေတင်မက ပြည်သူတွေကပါ နအဖ စစ်အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး စစ်အစိုးရ လက်အောက်က ပြည်သူတွေကို စာနာမှုအပြည့်နဲ့ ကူညီနေကြပါတယ်။ နအဖ စစ်အစိုးရ ကတော့ ပြောင်ပြောင်တင်းတင်းပဲ နိုင်ငံတကာက ၀င်လာတဲ့ အကူအညီတွေပေါ်မှ စစ်ဗိုလ်ချုပ်တွေရဲ့ နာမည်တပ်ပြီး စစ်သားတွေက လိုက်ဝေနေတဲ့ ပုံရိပ်တွေကို အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းတွေမှာ ထုတ်လွှင့်နေပါတယ်။ ဒါကြောင့် အကူအညီ ပေးရေးအဖွဲ့တွေက တကယ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေဆီ လုံလုံလောက်လောက် ရောက်ပါ့မလား ဆိုတာရယ်၊ ပစ္စည်းဖြန့်ဝေတဲ့ စစ်သားတွေက ထိထိရောက်ရောက် ဖြန့်ဝေနိုင်ပါ့မလား ဆိုတာရယ်ကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ သူတို့မှာ လူအင်အား လုံလုံလောက်လောက်နဲ့ စစ်တပ်ပိုင် ယာဉ်တွေ သုံးပြီး ဖြန့်ဝေနေတယ်လို့ တုံ့ပြန်ပါတယ်။ စစ်အစိုးရဘက်ကတော့ လေမုန်တိုင်းဒဏ် ခံရတဲ့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ စောင်၊ ခြင်ထောင်တွေ ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် လိုက်ဝေနေတာဟာ လူသားချင်း စာနာမှု အကူအညီတွေ ပေးနေတာလို့ တွက်ဆထားပုံ ရပါတယ်။

လူတွေ သိန်းနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီး ဖြစ်ပွာပြီးတိုင်းမှာ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေရဲ့ အလုပ်ဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ လိုက်ဝေရုံ သက်သက် မဟုတ်ပါဘူး။ အရင်ဦးဆုံး ကပ်ဘေးကြောင့် သေကြေ ပျက်စီးသူတွေရဲ့ အလောင်းတွေကို လိုက်ကောက်ဖို့ လွန်စွာ အရေးကြီပါတယ်။ ဒီအလောင်းတွေဟာ ရက်သတ္တပတ် ကြာသွားတာနဲ့အမျှ ရောဂါပိုးတွေ ပေါက်ဖွားလာပြီး ကျန်တဲ့ မသေတဲ့ လူတွေကို ကူးဆက်ကာ နောက်ဆက်တွဲ သေဆုံးမှုတွေအထိပေါ် ပေါက်နိုင်ပါတယ်။ အဲဒီနောက်မှာ ကျန်တဲ့ အိုးမဲအိမ်မဲ့ ဖြစ်နေတဲ့ ကျန်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အစားအစာနဲ့ ဆေးဝါး လုံလောက်မှုတွေနဲ့ သန့်ရှင်းတဲ့ သောက်ရေသုံးရေ ရရှိဖို့တွေဟာ ချက်ချင်း လက်ငင်း အကောင်းအထည် ဖေါ်ရမည့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီနောက်မှာမှ သူတို့ရဲ့ အိုးအိမ် ပြန်လည်ထူထောင်ရေးနဲ့ ဘ၀သစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို နှစ်နဲ့ချီပြီး လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီကြား ကာလမှာတော့ မုန်တိုင်းတွင်းက သူတို့ရဲ့ အိုးအိမ် ပျက်စီးဆုံးရှုံးလို့ပဲ ဖြစ်ဖြစ်၊ သူတို့ မိသားစုဝင်တွေ သေဆုံးသွားလို့ပဲ ဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ကုစားဖို့ စိတ်ပညာရှင်တွေနဲ့ နားလည် တတ်ကျွမ်းတဲ့ လူမှုရေး လုပ်သားတွေက အဲဒီ ဒေသတွေကို ကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည်တွေကို ရင်းရင်းနှီးနှီး ပြောဆို ဆွေးနွေးမှုတွေကို လုပ်ရပါဦးမယ်။ ဒါဟာ `ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပါတယ်´ ဆိုတဲ့ အဆင့်လောက်နဲ့ မရပါဘူး။

ဒီလိုလုပ်ငန်းတွေကို အဆင်ပြေ ချောမွေ့စွာ လုပ်နိုင်ဖို့ နအဖမှာ အတွေ့အကြုံ မရှိသလို၊ တက်ကျွမ်းမှုလဲ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဟိုယခင်ကတည်းက လေဘေးဖြစ်ဖြစ်၊ မီးဘေးဖြစ်ဖြစ် ပေါ်ပေါက်လာတိုင်း တာဝန်ရှိသူတွေက ဆန်တွေ၊ ဆီတွေ သွားဝေတာပဲ လုပ်လာခဲ့တာပါ။ ဒါကိုပဲ တကယ့် ကယ်ဆယ်ရေး လုပ်ငန်းလို့ ယူဆထားခဲ့ပုံလဲ ရပါတယ်။ အခုလို သိန်းနဲ့သန်းနဲ့ချီပြီး သေကြေ ဒုက္ခရောက်ကြရတဲ့ အခုလို အဖြစ်မျိုးမှာတော့ နအဖအနေနဲ့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး။ ဒါကို ကိုယ့်ကိုယ်ကို `ထင်´ တလုံနဲ့ နိုင်ငံတကာက အတွေ့အကြုံရှိ၊ ကျွမ်းကျင်မှုရှိတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ၀င်လာမယ့် အရေးကို တာဆီးနေရင်တော့ လူတွေ ပိုမို သေကြေကုန်မယ့်အပြင်၊ နောက်ဆက်တွဲ ကပ်ရောဂါတွေလဲ ပိုမို ပျံနှံ့လာပါလိမ့်မယ်။ ဒီ အခြေအနေ ရောက်ယင်တော့ `အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ ပေါက်ရမယ့်´ အဖြစ်မျိုး ရောက်သွားမှာ မလွဲပါဘူး။

မြန်မာနိုင်ငံက စစ်သားတွေနဲ့ ကြံ့ဖွံ့လို လူတွေအတွက် ဒီပစ္စည်းသွားဝေ၊ ဟိုပစ္စည်းသွားပေး ဆိုတဲ့အလုပ် လောက်သာ လုပ်နိုင်မှာပါ။ မြန်မာနိုင်ငံထဲမှာ မုန်းတိုင်း မဖြစ်မှီကတည်းက အခြေစိုက်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေတောင်မှ မုန်းတိုင်းလွန် ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ကျွမ်းကျင်သူတွေ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာက ကျွမ်းကျင်သူတွေ တိုင်းပြည်ထဲကို ၀င်ကို ၀င်မှဖြစ်မှာပါ။ မုန်တိုင်း ဒဏ်ခံ ပြည်သူလူထုရဲ့ အကျိုှးစီပွားအတွက် စစ်အစိုးရက တားဆီးပိတ်ဆို့မှုတွေ မလုပ်ပဲ လူသားချင်း စာနာတတ်တဲ့ စိတ်ဓါတ်နဲ့ နိုင်ငံတကာက ပေးလာမယ့် အကူအညီတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံဖို့ လိုအပ်နေပါပြီ။

ကျော်လင်းဦး

(ကျော်လင်းဦး သည် Burma Democratic Concern ၏ ဒါရိုက်တာ တဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်က ဆူနာမီ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများ အတွေ့အကြုံ ရှိခဲ့သူ တဦးလည်း ဖြစ်သည်။)
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved