အထက်မြန်မာပြည် အနိုင်ရ NLD အမတ်များနှင့် ဒေါ်စု တွေ့ဆုံပြီ

နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲများတွင် အနိုင်ရရှိထားသော ပါတီဝင် NLDလွှတ်တော်အမတ်များနှင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မေခန်းမတွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၅ရက်၊ နံနက်က တွေ့ဆုံနေစဉ်။
နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ အနိုင်ရလွှတ်တော်အမတ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင်မူ ကယား ၊ ရှမ်း ၊ မကွေး ၊ ကချင်နှင့် ချင်းပြည်နယ်တို့မှ အမတ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်မြန်မာပြည်ရှိ အနိုင်ရအမတ်များနှင့် နိုဝင်ဘာ ၂၈ရက်က တွေ့ဆုံထားပြီး ထိုတွေ့ဆုံမှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာထားကြရန်၊ အင်္ဂလိပ်စာ လေ့လာကြရန်နှင့် အမတ်များ၏ လစာငွေများကို ဖြတ်တောက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောဆိုထားသည်။
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦးဖြင့် အပြတ်အသတ်အနိုင်ရကာ အစိုးရဖွဲ့စည်းခွင့် ရရှိထားသည်။ သူမ၏ပါတီ အနိုင်ရပြီး အစိုးရဖွဲ့ခွင့်ရပါက အဂတိကင်းစင်သည့် အစိုးရတစ်ရပ်ဖြစ်စေရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးရေးကာလတွင် ပြောဆိုထားသည်။
(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ)