NLD အမျိုးသမီးလုပ်ငန်းကော်မတီများတွေ့ဆုံပွဲ နေပြည်တော်တွင် ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်ကော်မတီများ စုံညီတွေ့ဆုံပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2) တွင် ၂၀၁၈ခုနှစ်၊ ဇွန်လ ၃၀ရက်က ကျင်းပပြုလုပ်စဉ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
တွေ့ဆုံပွဲတွင် NLD နာယက ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ အရံဗဟိုအလုပ်အမှုဆောင် ဒေါ်စုစုလွင်တို့ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်သော ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့လည်း တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားသည်ကို တွေ့ရသည်။ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌဖြစ်သူ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမေဝင်းမြင့်ကလည်း လုပ်ငန်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးတို့နှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဟု သိရသည်။ တွေ့ဆုံပွဲသို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လုပ်ငန်းကော်မတီဝင်ဦးရေ ၈၀၀ကျော် တက်ရောက်ခဲ့သည်။