ရုရှားမှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက်ဘူတာရုံမှာ ဧပြီလ ၃ ရက်၊ တနင်္လာနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦးအထိရှိတယ်လို့ ရုရှားအာဏာပိုင်များက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရရှိတဲ့ လူ ၄၅ ဦးအနက် ၁၃ ဦးမှာ စိုးရိမ်အနေအထားမှာရှိနေတယ်လို့ အကြမ်းဖက်မှု ဆန့်ကျင်ရေးကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
ပေါက်ကွဲမှုဟာ Sennaya ရင်ပြင်နဲ့ Tekhnologichesky Institut ဘူတာရုံနှစ်ခုကြား ရထားတစ်စင်းပေါ်မှာ ဒေသစံတောချိန် ညနေ ၃ နာရီမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ စိန့်ပီတာစဘတ်မြို့မှာ ရောက်ရှိနေခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါပေါက်ကွဲမှုဖြစ်ပြီးနောက် ဖောက်ခွဲရေးပစ္စည်းတစ်ခုကို အနီးအနားရှိ အခြားဘူတာရုံတစ်ခုမှာ တွေ့ရှိခဲ့ပြီး  ရှင်းလင်းနိုင်ခဲ့တယ်လို့ အကြမ်းဖက်မှု ဆန့်ကျင်ရေးကော်မတီက ပြောပါတယ်။
ဘူတာရုံမှာ ဖောက်ခွဲမှုဖြစ်စဉ်မှာ ဆက်နွယ်ဖွယ်ရှိတဲ့ အလိုရှိသူတစ်ဦးရဲ့ ဓာတ်ပုံကို Fontanka.ru က ထုတ်ဖော်ပြသခဲ့ပါတယ်။
၂၀၁၀ ခုနှစ်က စိန့်ပီတာစဘတ်မြို့ရှိ မီထရိုဘူတာမှာ ဗုံးနှစ်လုံးဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၄၀ ဦးသေဆုံးခဲ့ပါတယ်။
Ref; EFE_EPA