ရခိုင်ပဋိပက္ခ ဖြေရှင်းဖို့ မြန်မာအစိုးရ ဘာတွေလုပ်ရမလဲဆိုတာကို မပြောချင်ဘူးဆိုတဲ့ ဗြိတိသျှသံအမတ်ကြီး

ရခိုင်ပဋိပက္ခ ဖြေရှင်းဖို့ မြန်မာအစိုးရ ဘာတွေလုပ်ရမလဲဆိုတာကို မပြောချင်ဘူးဆိုတဲ့ ဗြိတိသျှသံအမတ်ကြီး
ဓာတ်ပုံ-သက်ကို

မြန်မာနိုင်ငံနဲ့ ဗြိတိန်အကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှု၊ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ သတင်းလွတ်လပ်ခွင့်တွေအကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Daniel Patrick Brendon Chugg  နဲ့ မဇ္စျိမကိုမျိုးသန့် တို့ တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက် ပါတယ် ။

မေး။ ။ ဗြိတိန်ဟာ မြန်မာနိုင်ငံနဲ့ စစ်အစိုးရ(တပ်မတော်အစိုးရ)လက်ထက်ကတည်းက ချစ်ကြည်ရေးရရှိခဲ့ပြီးဖြစ် သလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလာတာလည်း ကြာခဲ့ပါပြီ။ အဆိုပါ ဆက်ဆံရေးအပေါ် ထင်မြင်ချက် . . .

ဖြေ။ ။   ဗြိတိန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထူထောင်ဖို့ သူ့ရဲ့ ကြိုးပမ်းမှုကို ထောက်ခံလာတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ သူရွေးကောက်ပွဲမှာ အနိုင်ရပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာတဲ့အတွက်လည်း ကျွန်တော်တို့ ဝမ်းသာအားရဖြစ်မိပါတယ်။ သူနဲ့ သူ့အစိုးရအဖွဲ့ကို ကျွန်တော်တို့ ဆက်ပြီး ထောက်ခံသွားမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ များပြားလာတယ်။ ကောင်းမွန်တဲ့ကိစ္စရပ်တွေ ဖြစ်လာတယ်။ စဉ်းစားတွေးခေါ်မှုတွေ များလာတယ်။ ဗြိတိန်ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အစိုးရကို အတတ်နိုင်ဆုံးကူညီပါတယ်။

ဥပမာပြောရမယ်ဆိုရင် မနှစ်က မြန်မာနိုင်ငံကို ကျွန်တော်တို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့တယ်။ ဂျပန်နိုင်ငံပြီးရင် ဗြိတိန်က မြန်မာနိုင်ငံကို ထောက်ပံ့တဲ့ ဒုတိယအကြီးဆုံး နိုင်ငံပဲ။ အဲဒီငွေတွေဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရအဖွဲ့ရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိ ခဲ့တာကို ဗြိတိန်အနေနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအပေါ် ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ။ ။ သူတို့က ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး အစိုးရအဖွဲ့ဖွဲ့ခဲ့တယ်။ အရာရာတိုင်းကို ညတွင်းချင်းပြောင်းလဲဖို့ မြန်မာအစိုးရကို လူတွေက ဖိအားပေးကြတယ်ပေါ့။ ဒါမဖြစ်နိုင်ဘူးဆိုတာလည်း ကျွန်တော်တို့ သိနေတယ်။ အဓိကကတော့ ဒီမှာဘာတွေလုပ်ဆောင်ခဲ့လဲဆိုတာကို နားလည်ဖို့ပဲ။ အရာရာတိုင်း ကလည်း တစ်နေ့ပြီးတစ်နေ့ တိုးတက်လာတယ်လို့ လူတွေပြောတာကို ကျွန်တော်ကြားနေရတယ်။ ဒီမှာ သံအမတ် စဖြစ်ကတည်းကပေါ့နော်။ လမ်းတွေလည်း ပိုဖောက်လာနိုင်တယ်။ ကျေးလက်ဒေသက ကလေး တော်တော်များများလည်း ကျောင်းတက်နေကြပြီ။  အမျိုးသမီးတော်တော်များများလည်း အလုပ်ဝင်နေကြပြီ။ စီးပွားရေးလည်း တိုးတက်လာတယ်။ ပြည်သူတွေလည်း အရင်ကလို စိုးရိမ်စရာ မလိုတော့ဘူး။ တချို့တိုင်းနဲ့ ပြည်နယ်တွေမှာဆိုရင် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေရဲ့ ရန်ပုံငွေကိစ္စလည်း ထင်သာမြင်သာရှိလာတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစိုးရအဖွဲ့ကြောင့် အခုလို တိုးတက်ပြောင်းလဲလာတာဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့လည်း အားရကျေနပ်မိပါတယ်။

မေး။ ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းစဉ်ကာလမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုထင်မြင် ပါသလဲ။

ဖြေ။ ။ ဒီကလူတွေအနေနဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ စပ်လျဉ်းပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို နားလည် မယ်လို့ ကျွန်တော်ထင်ပါတယ်။ လွှတ်တော်မှာ တပ်မတော်က နေရာယူထားတုန်းပဲ။ အစိုးရအဖွဲ့ရဲ့ တစ်စိတ် တစ်ဒေသကို သူတို့ ထိန်းချုပ်လို့ရနေဆဲပါပဲ။ တပ်မတော်အတွက်လည်း သူတို့မှာ ရန်ပုံငွေအများကြီးရှိနေ တယ်။ ဒါတွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ အဲဒီ အခြေခံဥပဒေက ဘယ်လိုပြောင်းမလဲဆိုတာ မသေချာသေးလို့ပဲ။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကိစ္စရပ်တွေမှာလည်း အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

ဒါတွေကို စိန်ခေါ်မှုအနေနဲ့ လူတွေက မြင်လာတယ်။ အဓိကကတော့ လူတွေအနေနဲ့ ဒီမှာ ဘာလို့ အကြာကြီး တိုက်ပွဲဝင်နေလဲဆိုတာကို နားလည်ဖို့ပဲ။ သူတို့က ဒီမိုကရေစီ၊ တရားဥပဒေ၊ လူ့အခွင့်အရေးတွေကို တောင်းဆိုနေတာ။ လူတွေက ဒါတွေကိုလိုချင်နေတာ။ အဲဒီလိုဖြစ်လာတဲ့အခါ သူတို့ဆန္ဒအတိုင်း မလုပ်ပေးတဲ့ လူတွေက စိန်ခေါ်မှုတွေနဲ့ ကြုံလာရတာပေါ့။

မေး။ ။ ရခိုင်ပဋိပက္ခကို ဖြေရှင်းတဲ့အခါမှာ အစိုးရအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကို ဘယ်လို ဖြေရှင်းသင့်ပါသလဲ။

ဖြေ။ ။ မြန်မာအစိုးရအနေနဲ့ ဘာတွေလုပ်ရမလဲဆိုတာကို ကျွန်တော်ပြောဖို့မလိုသလို ပြောလည်းမပြောချင် ပါဘူး။ တခြားပဋိပက္ခတွေအရတော့ စေ့စပ်ညှိနှိုင်းပြီး ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ ယူကေ မှာ လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရှိတယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့လိုသလို မိတ်ဖြစ်ဆွေဖြစ် စကား ပြောတာမျိုးလည်း အဆင်ပြေတယ်။ တွေ့ဆုံညှိနှိုင်းတဲ့အခါမှာလည်း လူတွေနဲ့အတူ စားသောက်ဆိုင် ဒါမှမဟုတ် ဘားမှာ စကားပြောတာ၊ ခရီးအတူထွက်တာ ဒါမှမဟုတ် ရန်ဖြစ်တာ အစရှိသဖြင့်ပေါ့။ ဒီလိုမျိုး တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာတတ်ဖို့လည်း လိုပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒီလိုရင်ဆိုင်ဖြေရှင်း တတ်ဖို့ လိုပါတယ်။

နောက်တစ်ခုကတော့ နိုင်ငံတကာက မြန်မာနိုင်ငံကို အားပေးထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေတယ်။ အောင်မြင်စေချင်တယ်ဆိုတာကို သိထားသင့်ပါတယ်။ ယူကေ က လူတွေက မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါဆိုပြီး နှစ်ပေါင်းများစွာ ဆန္ဒပြကြခဲ့တယ်။ သူတို့က သူ့ကိုတကယ်အောင်မြင်စေချင်ကြတာ။ လူဆိုတာ တခါတလေ စိတ်ဖိစီးမှုများပေမယ့် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ထားခဲ့ပြီး ထွက်သွားဖို့ မလွယ်ဘူးလေ။ ကျွန်တော်ပြောတဲ့စကားက သူတို့အတွက် ခွန်အားဖြစ်စေ မယ်လို့ မျှော်လင့်ပါတယ်။ သူတို့မှာ နိုင်ငံတကာက မိတ်ဆွေသူငယ်ချင်းတွေရှိတယ်။ အဲဒီသူငယ်ချင်းတွေ၊ အဲဒီ လူတွေနဲ့ သူတို့ဆက်သွယ်သင့်တယ်။ သူတို့နဲ့ စကားပြောမယ်။ သူတို့ဆီက အကြံဉာဏ်တွေတောင်းမယ်။ သူတို့ဆီက ထောက်ပံ့မှု၊ လမ်းညွှန်မှုအစရှိသဖြင့်ပေါ့။ အဲဒီသူငယ်ချင်းတွေရဲ့ အကူအညီကို တတ်နိုင် သလောက် ယူသင့်တယ်။

မေး။ ။ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဘယ်လောက်အထိ အဟန့်အတားဖြစ်စေ ပါသလဲ။

ဖြေ။ ။ ၂၀၀၈ အခြေခံဥပဒေက အဟန့်အတားဖြစ်စေတယ်ဆိုတာ မှန်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ အခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရဖြစ်မလာနိုင်ဘူး။ ဒီဥပဒေကြောင့် သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာတာ။ ဒါဟာ ဒီအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ခက်တယ်ဆိုတာကို ဖော်ပြနေတာပါပဲ။ ဒီအခြေခံဥပဒေကြောင့် အဟန့်အတားဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာကို အစိုးရက စဉ်းစားဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။ ဘယ်အရာတွေကို ပြုပြင်ပြောင်းလဲနိုင်မလဲ။ ဘယ်နေရာကို ဘယ်လိုပြောင်းမလဲ။ ဘယ်နေရာကို ဘယ်လိုပြင်မလဲ။ တရားဥပဒေကို လက်ကိုင်ထားပြီးတော့ တဖြည်းဖြည်းချင်း လုပ်ဆောင်သွားမယ်ဆိုရင် အရပ်သားအစိုးရအတွက် နေရာပိုပေးနိုင်မှာဖြစ်ပါတယ်။ သူတို့ ဘာလုပ်နေလဲဆိုတာကို ထုတ်ဖော်ပြသရင် စစ်တပ်အနေနဲ့လည်း ဝင်ရောက်စွက်ဖက်ခွင့် နည်းသွားနိုင်ပါတယ်။

မေး။ ။ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က ရခိုင်အရေးအခင်းကို ဘယ်လိုဖြေရှင်းနေလဲဆိုတာကို မေးသွားပါ တယ်။ မစ္စတာဟန့်အနေနဲ့ ဘယ်လိုအခြေအနေကို မျှော်မှန်းထားပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒီကိုလာသွားခဲ့ပါတယ်။ ရခိုင်အရေးအခင်းနဲ့ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိတယ်လို့ သူမထင်ပါဘူးတဲ့။ ဒီလိုပဋိပက္ခတွေဖြစ်အောင် အစိုးရက လုပ်ခဲ့တာမဟုတ်ဘူး။ အစိုးရက စစ်အင်အားသုံးပြီး ပြန်တိုက်နေတာမဟုတ်ဘူး။ တပ်မတော်က လုပ်နေတဲ့အရာတွေနဲ့ အစိုးရဘက်က ပြန်လည် ညှိနှိုင်းပြီး ဘယ်လိုကြိုးပမ်းလုပ်ဆောင်နေလဲဆိုတာကို နိုင်ငံတကာက သိဖို့ အရေးကြီးပါတယ်။

 ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တင်မကဘူး။ ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာလည်း နိုင်ငံတကာဥပဒေဘောင်ကို ကျော်ပြီး စွက်ဖက်နေတာတွေ့ရတယ်။ ပထမဆုံးအနေနဲ့ ဒါတွေကို အစိုးရ လုပ်တာ မဟုတ်ဘူး၊ ဒုတိယတစ်ချက်ကတော့ အစိုးရက ပြန်ပြီးညှိနှိုင်းနေရတယ်။ အစိုးရအနေနဲ့လည်း သူတို့ဘက်ကလုပ်ထားတဲ့ ကိစ္စမဟုတ်တော့ ဖြေရှင်းရခက်တယ်။ အထူးသဖြင့် ရခိုင်မှာနေတဲ့ လူမျိုးစုတွေကြား မှာ တင်းမာမှုတွေဖြစ်ခဲ့တယ်။ ပြင်ဆင်လိုက်တဲ့ ဥပဒေတွေကလည်း တချို့လူမျိုးစုတွေကို အခက်အခဲဖြစ်စေခဲ့ တယ်။

ဒီအခြေအနေဟာ အစိုးရအတွက် တကယ်ကို ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ အစိုးရအနေနဲ့ မြန်မာပြည်သူ တွေနဲ့ နိုင်ငံတကာအပေါ် ပွင့်ပွင့်လင်းလင်းရှိဖို့လိုပါတယ်။ ပထမဆုံးအနေနဲ့ ဒါဟာ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်။ ဒုတိယအနေနဲ့ အမှားတွေလည်း လုပ်ထားပြီးပြီ။ တတိယအနေနဲ့ အခြေအနေကို နားလည်ပြီး တရားခံတွေကို ဖမ်းဖို့ကြိုးစားတော့မယ်။ ပြီးတော့ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို စုံစမ်းတော့မယ်။

သူတို့ လတ်တလော လုပ်နေတဲ့ စီမံကိန်းတွေရှိတယ်။ သူတို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားလိုက်တယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောပြတာ၊ ရှင်းပြ တာက ပိုပြီးအထောက်အကူဖြစ်စေမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဖြစ်စေချင်တဲ့ အကြောင်းအရာကို ရှင်းပြတာမျိုး၊ နောက်ဆုံးဖြစ်လာမယ့် အခြေအနေကို ရှင်းပြတာမျိုးပေါ့။ ဒါမှ နိုင်ငံတကာက အခြေအနေ အရပ်ရပ်ကို နားလည်ပြီး တတ်နိုင်သလောက် ပါဝင်ကူညီလာမှာဖြစ်ပါတယ်။ ကျွန်တော်ခုနကပြောခဲ့သလိုပဲ နိုင်ငံတကာက ကူညီဖို့အသင့်ပါပဲ။ လူတွေကလည်း ငွေကြေး၊ အကြံဉာဏ်၊ ကျွမ်းကျင်မှုစတာတွေကို တတ်စွမ်း သလောက် ထောက်ပံ့ပေးနေပါတယ်။ ဒါဟာ ခက်ခဲတဲ့ ပြဿနာဆိုတာ လူတွေကလည်း သိနေတယ်။ ကျွန်တော်တို့လည်း မြန်မာအစိုးရကို ကူညီချင်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်အရေးအခင်းကို ဖြေရှင်းတဲ့အခါမှာ ဝေဖန်ခံနေရတာတွေရှိပါတယ်။ ဒီဝေဖန်မှုတွေအပေါ် ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။ ။ ဒီမေးခွန်းကို ပုံပြင်လေးတစ်ပုဒ်နဲ့ ဖြေပါရစေ။ ကျွန်တော် ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို သွားခဲ့တာ သိပ်တော့မကြာသေးဘူး။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး။ ဒါက ဆေးရုံကြီးကို ပြန်ပြင်ဖို့၊ ပြန်ဆောက်ဖို့၊ ပြန်မွမ်းမံဖို့။ အဲဒီလို ပြန်ပြင်မယ်ဆိုရင် ၂၅ နှစ်လောက်ကြာမယ်လို့ သူတို့က ကျွန်တော့်ကို ရှင်းပြတယ်။ ဘာလို့လဲဆိုတော့ သူတို့ပြန်ပြင်နေတဲ့အချိန်မှာ ဆေးရုံအနေနဲ့ ဆက်ပြီးသုံးနေဦးမှာ။ တကယ်လို့ အားလုံးကို ပြောင်းခိုင်းပြီး ပြန်ပြင်မယ်ဆို ၃ နှစ်၊ ၄ နှစ်ပဲကြာမှာ။ ပြီးမှ အားလုံးကို ပြန်နေရာချလိုက်မယ်ဆို သူတို့အတွက် ပိုလွယ်လိမ့် မယ်။ ဒါပေမယ့် သူတို့က ဆေးရုံအနေနဲ့ ဆက်သုံးနေရဦးမှာဆိုတော့ ဒါက လုံးဝမဖြစ်နိုင်ပါဘူး။ ဒါတွေက မြန်မာနိုင်ငံရဲ့ ဥပစာတွေဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ဆေးရုံကြီးကိုကိုလိုနီခေတ်တုန်းက ဆောက်ခဲ့ တာ။  ဒီက တခြားအခြေခံအဆောက်အဦတွေကိုလည်း ကိုလိုနီခေတ်မှာ ဆောက်ခဲ့တာ။ အဆောက်အဦတွေ က သုံးလို့မရတော့ဘူး။ ပြန်ပြင်ဖို့လိုတယ်။ ပြန်မွမ်းမံဖို့လိုတယ်။ နိုင်ငံအနေနဲ့ ဆက်ပြီး ကြိုးစားသွားသင့်ပါ တယ်။ အခက်အခဲတွေလည်း ရှိနေသေးတယ်ဆိုတော့ အချိန်ယူရဦးမှာဖြစ်ပါတယ်။

လူတွေအနေနဲ့လည်း စိတ်ရှည်သင့်ပါတယ်။ ဒါဟာ မလွယ်ကူတဲ့ ကိစ္စဆိုတာကိုလည်း နားလည်သင့်တယ်။ မြန်မာနိုင်ငံဟာ စစ်တပ်(တပ်မတော်)အုပ်စိုးမှုအောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ရသလို နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ်တာလည်း ကြာခဲ့ပါပြီ။ ဒါတွေကို ချက်ချင်းပြောင်းလဲပစ်လို့ မရပါဘူး။ အချိန်ယူရပါမယ်လို့ မြန်မာပြည်သူတွေကို ကျွန်တော်ပြောကြားလိုပါတယ်။ သူတို့ စိတ်ရှည်ဖို့လိုပါတယ်။

မေး။ ။  ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး ဆက်မေးပါရစေ။ ရခိုင်ပဋိပက္ခ ပြေလည်စေဖို့ အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။

ဖြေ။ ။ ပြစ်မှုကျူးလွန်တာကို ရခိုင်မှာတားမြစ်ထားတယ်။ လူတိုင်းလည်း ဒါကိုသိပါတယ်။ ဒီပြစ်မှုတွေဖြစ်ပျက်ခဲ့ တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အချေအတင်ပြောဆိုကြတယ်။ ထုတ်ပြန်ကြေညာချက်တွေအရ ARSA ကြောင့် ဒီပြဿနာစဖြစ်တာ။ သူတို့က လူတစ်ချို့ကို သတ်တယ်။ အဲဒါကို တပ်မတော်က ပြန်တိုက်တဲ့အချိန်မှာ လူအယောက် ခုနှစ်သိန်းလောက်က မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတယ်။ လူတော်တော်များများ အသတ်ခံ ရတယ်။ အနိုင်ကျင့်ခံရတယ်လို့ ထုတ်ပြန်ကြေညာထားကြတယ်။

ရခိုင်မှာ တကယ့်ကိုပြင်းထန်တဲ့ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။ ပထမဆုံးအနေနဲ့ ပဋိပက္ခဖြစ်ပွားအောင် လုပ်ခဲ့တဲ့ လူတွေကို ပြစ်ဒဏ်ချမှတ်သင့်ပါတယ်။ ဒါမှ ဓားစာခံတွေအတွက် တရားမျှတမှာဖြစ်သလို သူတို့လည်း ပြစ်မှု ကျူးလွန်ရဲတော့မှာမဟုတ်ပါဘူး။ တပ်မတော်ကလည်း အရပ်သားတရားရုံးတွေမှာ ဝင်စွက်ဖက်လို့မရတော့ ဒါဟာ ဖြေရှင်းရခက်တဲ့ ကိစ္စဖြစ်နေတယ်။ အခြေခံဥပဒေကလည်း ကိစ္စတော်တော်များများကို တားမြစ်ထား တယ်။ ဒီတော့ တပ်မတော်အနေနဲ့ ပြစ်မှုကျူးလွန်တဲ့လူတွေကို ဖမ်းဆီးပြီး ပြစ်ဒဏ်ချမှတ်ဖို့ လုပ်ဆောင်ရပါ မယ်။ တစ်ဖက်မှာလည်း အရပ်သားအစိုးရအနေနဲ့ သူတို့ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်ဆိုတာ ကို အားလုံးသိအောင် ပြောပြသင့်ပါတယ်။ ဒီကိစ္စတွေအကုန်လုံးဟာ တာဝန်ယူမှုနဲ့သက်ဆိုင်နေတဲ့အတွက် ဒါကို ဖြေရှင်းဖို့ သူတို့က စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ သီးခြားလုပ်ကိုင်ဆောင်ရွက်ရမယ်။ ပွင့်လင်းမြင်သာမှုရှိရမယ်။ ဒါမှ လူတွေက အဲဒီကော်မရှင်အပေါ် ယုံကြည်မှု ရှိလာမယ်။

တာဝန်ယူမှုအပြင် လူတွေက ဒုက္ခသည်တွေကို ပြန်လာစေချင်ကြတယ်။ ရခိုင်မှာ ဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခ တွေကို ဖြေရှင်းရမှာပေါ့။ ဒါဟာ လွတ်လပ်ရေးပဲ။ ဒါဟာ နိုင်ငံသားဥပဒေပဲ။ လူတွေကို အိုင်ဒီပီ စခန်းတွေကနေ သူတို့ရွာကို ပြန်ရွှေ့ပြောင်းပေးဖို့ပဲ။ လူတွေရဲ့ ပညာရေးမြှင့်တင်ဖို့၊ ကျန်းမာရေးကောင်းမွန်စေဖို့၊ ဝမ်းစာ လုံလောက်ဖို့ လုပ်ဆောင်ပေးရပါမယ်။ ဒီလိုခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းသွားရမှာဖြစ်ပါတယ်။

အစိုးရအနေနဲ့ သူတို့လုပ်နေတဲ့အရာ၊ ဖြစ်ပေါ်လာမယ့် အကျိုးဆက်၊ ပြဿနာဖြေရှင်းတဲ့နည်းလမ်းတွေကို ရှင်းပြဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ဒီပြဿနာတွေက တကယ့်ကို ဖြေရှင်းရခက်တဲ့ ပြဿနာတွေဖြစ်တဲ့ အတွက် လူအများရဲ့ အကြံဉာဏ်ကို ကျွန်တော်တို့က လက်ခံမှာပဲ။ အဲဒီလိုလုပ်ရင်တော့ အဆင်ပြေသွားမှာပါ။

မေး။ ။  ရခိုင်ပဋိပက္ခနဲ့ စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ သူ့အနေအထားက တကယ့်ကိုခက်ခဲတဲ့ အနေအထားတစ်ခုပါ။ သူ့အလုပ်က စိန်ခေါ်မှုတွေနဲ့ ပြည့်နှက် နေတဲ့ အလုပ်ဖြစ်နေတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်တစ်ခုဖြစ်သလို ရခိုင်ပဋိပက္ခကလည်း သူ့အလုပ်ကို ပိုပြီးခက်ခဲစေတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူတာဝန်ယူနေတဲ့အချိန်မှာ ရခိုင် ပဋိပက္ခကို ကြီးမားတဲ့ ပြဿနာမဖြစ်စေချင်ဘူးလို့ ကျွန်တော်ထင်တယ်။ ပထမအချက်အနေနဲ့ ဒါက အရမ်း ခက်ခဲတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်ဒီမှာရှိနေချိန်မှာ ဒီက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေနဲ့ ကျွန်တော် အမြဲတမ်းဆွေးနွေးဖြစ်တယ်။ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်သိတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ သူတို့အပြင်းအထန်ကြိုးစားနေရတယ်ဆိုတာလည်း ကျွန်တော်သိတယ်။ သူတို့ဘာလုပ်နေလဲဆိုတာ ကျွန်တော်သိနေတဲ့အတွက် အစိုးရကို ကျွန်တော်က ဝေဖန်နေမှာမဟုတ်ပါဘူး။

ကျွန်တော်ပြောချင်တာတစ်ခုကတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘာတစ်ဝှမ်း အောင်မြင် ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ သူ့မှာသြဇာအာဏာအပြည့်ရှိတဲ့အတွက် သူစကားပြောတဲ့အချိန်မှာ လည်း လူတိုင်းက လေးလေးစားစားနားထောင်တယ်။ သူသာ အဲဒီသြဇာအာဏာကို သုံးပြီးတော့ နည်းနည်း ပိုပြောမယ်ဆိုရင် မြန်မာအစိုးရက ဒီခက်ခဲတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတယ်ဆိုတာကို ကမ္ဘာက သိလာမှာပါ။

မေး။ ။ ရိုက်တာသတင်းထောက်တွေကို ထောင်ချထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဖြေ။ ။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်က အရမ်းကို အရေးကြီးပါတယ်။ ယူကေ မှာဆိုရင် အစိုးရက စာနယ်ဇင်းကို အမြဲဝေဖန်တယ်။ ဘာလို့ အမြဲဝေဖန်လဲဆိုတော့ သူတို့တွေက အမှန်တရားကို ဖော်ထုတ်ပြီး ခက်ခဲတဲ့ မေးခွန်းတွေမေးတယ်။ တခါတလေမှာလည်း အစိုးရမကြိုက်တဲ့ အရာတွေကို ရေးတယ်။ အဲဒါတွေကို ကျွန်တော်တို့ သည်းခံရမှာပဲ။ ဘာလို့လဲဆိုတော့ လူတွေက မေးခွန်းတွေမေးနေတယ်။ သူတို့ကပဲ အစိုးရတွေကို စိတ်ညစ်အောင်လုပ်နေတာ။

ဒီမိုကရေစီနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ လုပ်ပိုင်ခွင့်ဘောင်ကိုကျော်ပြီး ဝင်ရောက်စွက်ဖက်တဲ့ သဘောမဖြစ်စေဖို့ အရေးကြီးတယ်လို့  ကျွန်တော်တို့ ဗြိတိန်အစိုးရက ယုံကြည်ထားပါတယ်။ လွတ်လပ်ခွင့် အခြေခံသဘောတရားနဲ့ယှဉ်ရင် ဒါဟာ တကယ်အရေးပါတဲ့ လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံရဲ့ နောက်ထပ်ရှုထောင့်တစ်ခုကတော့ တရားဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာက လူတိုင်းကို ဥပဒေနဲ့အညီ တပြေးညီဆက်ဆံတာပဲဖြစ်ပါတယ်။ ခင်ဗျားက အရမ်းချမ်းသာ တဲ့လူပဲဖြစ်ဖြစ်၊ အရမ်းဆင်းရဲတဲ့လူပဲဖြစ်ဖြစ် အခွင့်အရေးတန်းတူရရှိမှာဖြစ်ပါတယ်။ အခွင့်အရေးတွေကို လူတိုင်း ညီတူညီမျှရကြတယ်။ ဒါလည်း အရမ်းအရေးကြီးတဲ့အချက်ပါပဲ။ လူတွေအနေနဲ့ ဆင်းရဲချမ်းသာမရွေး အခွင့်အရေးတန်းတူရတယ်၊ တရားမျှတမှုရှိတယ်ဆိုတာကို သိသင့်ပါတယ်။

ရိုက်တာသတင်းထောက်တွေ ကြုံတွေ့နေတဲ့ ပြဿနာက ဘာလဲဆိုတော့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မေးခွန်းတွေအများကြီးမေးလို့။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး မေးလို့။ လူတွေလည်း တရားရုံးမှာ လိုက်နားထောင်ကြတယ်။ ဗြိတိသျှသံရုံးကလူတွေလည်း ပါတယ်။ လူတွေရဲ့ ထင်မြင်ချက်ကို တောင်းခံပြီးတော့ အဖြေရှာကြည့်တယ်။ ဒီသတင်းထောက်တွေက မြန်မာ့ဥပဒေကို မချိုးဖောက်ဘူး၊ ဘာမှ မလုပ်ခဲ့ဘူးဆိုတာ ကျွန်တော်တို့သိလာတယ်။ သူတို့ထောင်ကျနေတာလည်း ၇ နှစ်ရှိပြီဆိုတော့ စစ်ဆေးမှုမှာ တစ်ခုခုမှားနေခဲ့တာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ပေမယ့် တစ်ခုခုလိုသွားတာဖြစ်ပါလိမ့် မယ်။ ဒါဟာ ဆိုးဝါးတဲ့အခြေအနေတစ်ခုပါပဲ။ လူတွေက တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး မေးစရာတွေရှိ လာတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း မေးစရာတွေရှိလာတယ်။  လူတွေလည်း ထိတ်လန့် တုန်လှုပ်လာတယ်။ တခြားသတင်းထောက်တွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေရှိလာမယ်။ ခက်ခဲတဲ့ မေးခွန်းဆို မမေးတော့ဘူး ဒါမှမဟုတ် သတင်းထောက်လုပ်ရတာ အရမ်းအန္တရာယ်များတယ်။ မလုပ်တော့ဘူး ဆိုပြီး ဖြစ်လာနိုင်တယ်။ သတင်းထောက်တွေက ဒီလိုပြောလာပြီဆိုရင်လူ့အဖွဲ့အစည်းအတွက်လည်း ပြဿနာ ရှိလာနိုင်တယ်။ အစိုးရနဲ့ အဆင်ပြေသင့်တော်မယ့် ဥပဒေတွေ၊ လုပ်ငန်းစဉ်တွေကို အသုံးချသင့်ပါတယ်။ အဲဒီလိုနဲ့ပဲ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ မီဒီယာလွတ်လပ်ခွင့်ကို ထိန်းသိမ်းအားပေးမယ့်၊ အစိုးရရဲ့ ဆန္ဒကို ပြသနိုင်မယ့် နည်းလမ်းတစ်ခု ရှာဖွေနိုင်မှာဖြစ်ပါတယ်။

မေး။ ။ သတင်းထောက်တွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိလာမယ်လို့ သံအမတ်ကြီး ပြောခဲ့ပါတယ်။ သတင်းထောက်တွေကို မှာကြားလိုတာက . . .

ဖြေ။ ။ ဒီမိုကရေစီနဲ့အတူ ဆက်ပြီးရပ်တည်ပါ။ ခင်ဗျားရဲ့ အခွင့်အရေးတွေအတွက် ဆက်ပြီးရပ်တည်ပါ။ ခက်ခဲ တဲ့ မေးခွန်းတွေ ဆက်မေးပါ။ စုံစမ်းမေးမြန်းတာတွေဆက်လုပ်ပြီးတော့ စာနယ်ဇင်းလောကမှာ ဆက်ပြီး ရပ်တည်ပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားက လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့အလုပ်ကို လုပ်နေလို့ပါပဲ။

မေး။ ။ ဗြိတိန်အနေနဲ့ မြန်မာပြည်မှာ စစ်ရေးလေ့ကျင့်သင်ကြားပေးဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အခြေအနေ ဘယ်လိုများရှိပါသလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေရှိတယ်။ မြန်မာအနေနဲ့ တပ်မတော်ကို အဆင့်မြှင့်တင်ချင်တယ်ဆိုတာ ကျွန်တော်တို့သိတယ်။ စစ်ရေးနဲ့ပတ်သက်တဲ့ အဆင့်မြင့်တင်မှုတွေမှာ ကျွန်တော်တို့ ကူညီဖို့ စီစဉ်ခဲ့ပါတယ်။ ရခိုင်အရေးအခင်းဖြစ်လာတော့ တပ်မတော် ဘက်က လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ကြားသိခဲ့ရတယ်။ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေဖြစ်နေ တော့ ကျွန်တော်တို့လည်း စစ်ရေးဆိုင်ရာ အဆင့်မြင့်တင်ပေးဖို့ အစီအစဉ်ကို ရပ်ဆိုင်းခဲ့ပါတယ်။

မေး။ ။ ဗြိတိသျှကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံကြား ကူးသန်းရောင်းဝယ်မှုအခြေအနေကကော ဘယ်လိုရှိမလဲ ။

ဖြေ။ ။ ကောင်းပါတယ်။ ကျွန်တော် ဒီမှာသံအမတ်လုပ်နေစဉ်ကာလမှာ စီးပွားရေးကဏ္ဍ ပိုပြီး တိုးတက်လာဖို့ မျှော်လင့်တယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတိုင်းကိုလည်း မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြုပ်နှံဖို့ ပြောတယ်။ နိုင်ငံခြားကုမ္ပဏီတွေ ဒီမှာလာပြီး ရင်းနှီးမြုပ်နှံဖို့။ ရင်းနှီးမြုပ်နှံမှုတွေများလာရင် နိုင်ငံ့စီးပွားရေးတိုးတက်မယ်။ ဗြိတိသျှကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံခွင့်ရတဲ့အတွက် စီးပွားရေးအခွင့်အလမ်းပိုများ လာမယ်။ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ကိစ္စဖြစ်တဲ့အတွက် ဗြိတိသျှကုမ္ပဏီတွေကို ဒီမှာလာရောက် ရင်းနှီးမြုပ်နှံဖို့ ကျွန်တော်တိုက်တွန်းနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတွေထဲမှာ ပဥ္စမနေရာယူထားတဲ့ ယူကေ အနေနဲ့ ဒီမှာရင်းနှီးမြုပ်နှံထားတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ပါပြီ။ မနှစ်က ကုန်သွယ်မှုငွေပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထက် ၂၀ ရာခိုင်နှုန်းတိုးတက်လာတယ်ပေါ့။ ဒီတော့ ကမ္ဘာနဲ့ယှဉ်ရင် စီးပွားရေးတိုးတက်လာတယ်လို့ မဆိုသာပေမယ့် အနည်းအကျဉ်းတော့ တိုးတက် လာတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်ဒီမှာရှိနေတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတိုးတက်လာဖို့ မျှော်လင့်ပါတယ်။

မေး။ ။ ရခိုင်ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိခဲ့ ပါသလဲ။

ဖြေ။ ။ ရခိုင်ပဋိပက္ခကြောင့် စီးပွားရေးကဏ္ဍမှာ အခြေအနေတော်တော်ဆိုးလာခဲ့ပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ကူးရှိခဲ့တယ်ဆိုရင် သူတို့ပြန်ပြီး စဉ်းစားသုံးသပ်တော့မယ်။ ဒီမှာ ရင်းနှီးမြုပ်နှံဖို့ ရှိတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုက ရခိုင်အရေးအခင်းကြောင့် သူတို့ရဲ့နာမည်ဂုဏ်သိက္ခာထိခိုက်မှာကို မလိုလားတဲ့အတွက် ရင်းနှီးမြုပ်နှံဖို့ အစီအစဉ်ကို ရုပ်သိမ်းလိုက်တယ်လို့ သိရတယ်။

လူတွေက တိုင်းပြည်မလုံခြုံမှာကို ကြောက်နေတာ။ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး စိုးရိမ်နေတာ။ အရင် နှစ်တုန်းက ဖြစ်ခဲ့တဲ့ အရေးအခင်းတွေကြောင့် စီးပွားရေးမှာ အဟန့်အတားဖြစ်လာတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုတွေ ကျဆင်းလာတယ်။ နိုင်ငံအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ယုံကြည်မှုတွေ ပြန်လည်ရယူနိုင်ပြီး ရင်းနှီးမြုပ်နှံ သူတွေကို ပြန်ဖိတ်ခေါ်နိုင်ဖို့ မျှော်လင့်ပါတယ်။

မေး။ ။ အခြေအနေတွေ ပြန်ပြီးတိုးတက်လာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စက ယုံကြည်မှုနဲ့ပဲ ဆိုင်ပါတယ်။ ခုနကလည်း ယုံကြည်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့ပြီးပါပြီ။ မြန်မာနဲ့ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာတွေကို သူတို့တာဝန်ယူထားတယ်၊ ထိန်းချုပ်နိုင်တယ်၊ ဖြေရှင်းနေတယ်ဆိုတာ ကို ကမ္ဘာကသိအောင် ယုံကြည်လာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကမ္ဘာက ယုံကြည်လာအောင် လုပ်ရ မှာ။ ဒီလိုလုပ်ဖို့ဆိုတာ လွယ်တော့မလွယ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီလိုပဲလုပ်ရမယ်။ လူတွေအနေနဲ့ လည်း ယုံကြည်ချင်မယ်လို့ ကျွန်တော်ထင်တယ်။

သူများမသိအောင် ပြဿနာကို နောက်ကွယ်မှာပဲ သိုသိုသိပ်သိပ် ဖြေရှင်းနေတယ်လို့ နိုင်ငံတကာက ယူဆ လိုက်ရင် သူတို့က ယုံကြည်တော့မှာ မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတိုးချဲ့ဖို့ ထိုင်း၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံ တွေမှာပဲ သူတို့ရင်းနှီးမြုပ်နှံတော့မယ်။ အဲဒီနိုင်ငံတွေကိုပဲ သူတို့သွားလည်တော့မယ်။

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့ဝင်တွေက ပြောင်းလဲချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။ နိုင်ငံတွင်း အပြောင်းအလဲတွေ ဖြစ်လာတယ်လို့ ထင်မြင်ပါသလား။

ဖြေ။ ။ အပြောင်းအလဲတွေ ဖြစ်လာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ မတိုင်ခင်ကတော့ ကျွန်တော် ဒီမှာ ရှိမနေခဲ့ဘူးဆိုတော့ အစောပိုင်းက အပြောင်းအလဲတွေတော့ ကျွန်တော် မတွေ့ခဲ့ရဘူးပေါ့။ ဒါပေမယ့် ကျွန်တော် ဒီကို ရောက်လာပြီးနောက်မှာတော့ အပြောင်းအလဲတွေကို တွေ့ခဲ့ရပါတယ်။ ဒီက မတူညီ တဲ့ ပြည်နယ်တွေ၊ ဒေသတွေ၊ မြို့တွေ၊ ရွာတွေဆီ ကျွန်တော် ရောက်ခဲ့ပါတယ်။ အဲဒီက လူတွေက သူတို့ဆီမှာ နည်းလမ်းတွေ၊ တိုးတက်မှုတွေ ရှိနေပြီ၊ သူတို့ရဲ့ စားဝတ်နေရေး အပိုင်းမှာ တိုးတက်နေပြီ လို့ ပြောကြတာကို ကြားခဲ့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲခဲ့တော့ တစ်ချို့နေရာက လမ်းတွေ ဖောက်ထားတာကို တွေ့ရတယ်။ ဒီတော့ ပြည်သူတွေအနေနဲ့ အရင်ကထက်စာရင် စျေးကို အလွယ်တကူ သွားလာနိုင်တာ၊ ဒါမှမဟုတ် ကျန်းမာရေး၊ ပညာရေး တို့အတွက် သက်ဆိုင်ရာ ဧရိယာတွေကို ပိုမိုလွယ်ကူစွာ သွားလာနိုင်တာ တွေ ရှိနေပါပြီ။  နောက်ပြီး ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော် တစ်ချို့မှာလည်း ပြောင်းလဲမှုတွေ ရှိနေပြီလို့ ထင်ပါတယ်။  မွန်နဲ့ ကရင် ပြည်နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ချို့နဲ့ ကျွန်တော် စကားပြော ဖြစ်ခဲ့တယ်။ သူတို့ ပါလီမန် နှစ်ခုစလုံးမှာ ဒေသခံ ပြည်သူတွေဘက်က လိုအပ်တာတွေ တင်ပြတောင်းဆိုမှုတွေ လုပ်နိုင်တဲ့ အခြေအနေတွေ ရှိနေပြီလို့ ပြောကြပါတယ်။  ခင်ဗျား သိတဲ့အတိုင်းပဲ၊ ကျုပ်တို့ ရွာမှာကတော့ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုဟာတွေကိုတော့ မကြိုက်ဘူး၊ ပြုပြင်စေချင်တယ် အစရှိသဖြင့် တင်ပြတာမျိုး လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီလို တင်ပြတောင်းဆိုမှုတွေကို တုန့်ပြန်ဖြေရှင်းပေးနိုင်မယ့် ၊ တစ်ခုခုဖြည့်ဆည်းပေးနိုင် မယ့် သူတွေလည်း ရှိနေရမှာဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ပြည်သူတွေ အရင်တုန်းက မရရှိခဲ့တဲ့ တာဝန်ခံမှု အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံခြင်းလည်း ဖြစ်ပါတယ်။ နောက်ပြီး အသုံး စရိတ်တွေနဲ့ပတ်သက်လို့လည်း ပြောဆိုနေနိုင်ကြပြီ။ အရင်တုန်းက ဆိုရင် ပြည်နယ်တွေမှာ အသုံးစရိတ် ဘယ်လောက် သုံးနေသလဲ၊ ဘယ်လိုအပိုင်းတွေအတွက် သုံးနေသလဲဆိုတာ မသိခဲ့ကြရဘူး။ ခုတော့ လွတ်တော်တွေမှာ အဲဒီအသုံးစရိတ်နဲ့ ပတ်သက်လို့ စုံစမ်းနိုင်တဲ့ အခွင့်အရေး ရှိနေပြီ။ ကန့်ကွက်နိုင်တဲ့ အခြေအနေ ရှိနေပြီ။ ဒါက အရင်ကထက် ခုက ဒီမိုကရေစီ ပိုရလာတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ပြည်သူတွေကို အာဏာ ပေးလိုက်ခြင်းပါ။ အရင်ကထက် တာဝန်ယူမှု ၊ တာဝန်ခံမှုတွေလည်း ပိုရှိလာပါတယ်။

ဒါကြောင့် ဒါတွေက ၂၀၁၅ နောက်ပိုင်း အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ နောက်ထပ် အများကြီး မြန်မြန်ဆန်ဆန် ပြောင်းလဲလိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေက ကြီးကြီးမားမား ရှိနေတယ်လို့ ထင်ပါတယ်။  လူတွေ ထင်သလို မြန်မြန်ဆန်ဆန် ဖြစ်လာဖို့က ခက်ခဲနိုင်ပါတယ်။

မေး။ ။ မြန်မာအပေါ် ယူကေ ဘက်က အကူအညီပေးမှု အပိုင်းကရော ဘာတွေ ဆက်ရှိပါမလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ယူကေ ဆိုတာက ဂျပန်ပြီးရင် မြန်မာကို ဒုတိယအကြီးဆုံး လှူဒါန်းထောက်ပံ့နေတဲ့ နိုင်ငံဖြစ်ပါ တယ်၊ မနှစ်ကဆိုရင် ဒီမှာ ကျွန်တော်တို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်လောက် သုံးထားပါတယ်၊ ပြီးတော့ ခုနှစ်မှာလည်း အဲဒီ အလားတူ ပမာဏအတိုင်း သုံးစွဲဖို့ ရှိနေပါတယ်။ ဒီ ငွေတွေက ဒီက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှု၊ အာဟာရ ဖြစ်ထွန်းမှု၊ ကျန်းမာရေးနဲ့ ပညာရေးပိုင်းတွေကို သွားမှာဖြစ်ပါတယ်။ အစိုးရနဲ့ ပါလီမန်အပေါ် ကျွန်တော်တို့ ထောက်ခံအားပေးထားပါတယ်။ ဒါက အဓိကအားဖြင့်တော့ အဆင်းရဲဆုံး၊ အထိခိုက်အခံရဆုံး ပြည်သူတွေအတွက် ဖြစ်ပါတယ်။ ပြီးတော့ ဥပမာတစ်ခုအနေနဲ့ LIFT ဆိုတဲ့ ပရိုဂရမ်ကြီးတစ်ခု ရှိပါတယ်။ အဲဒါက နိုင်ငံတစ်ဝန်းက ပြည်သူတွေအတွက် အာဟာရနဲ့ အစားအစာ ပိုင်း တိုးတက်စေဖို့ ကူညီပါတယ်။  အဲဒီအတွက် ၅၀ ရာခိုင်နှုန်းကျော်ကို ယူကေ ဘက်က ထောက်ပံ့ပေးပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ 3 MDG ဆိုတာကလည်း နိုင်ငံတစ်ဝှမ်းက အဆိုးရွားဆုံး ကျန်းမာရေး အခြေအနေ တစ်ချို့ကို ကူညီကိုင်တွယ်ပေးနေပါတယ်။ အဲဒီအတွက် ၅၀ ရာခိုင်နှုန်းကျော်ကို ယူကေ ဘက်က ထောက်ပံ့ ပေးပါတယ်။ ဒါတွေက မြန်မာအစိုးရနဲ့ ပေါင်းလုပ်နေတဲ့ ပရောဂျက်တွေဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေက ယူကေ ဒီကို ဝင်လာပြီး ဒီအတွက် ငွေတွေ သုံးသွားတယ်ဆိုတာကို ပြောရုံသက်သက်ပဲ မဟုတ်ပါဘူး။ ဒါက အမှန်တကယ်ပဲ မြန်မာအစိုးရနဲ့ လက်တွဲပူးပေါင်းပြီး သူတို့ရဲ့ မူဝါဒတွေ၊ အစီအစဉ်တွေကို ပံ့ပိုးပေးနေတာဖြစ်ပါ တယ်။ ဒီလို ကိစ္စတွေလုပ်နိုင်ဖို့ ကျွန်တော်တို့ဘက်က အမှန်တကယ် ငွေကြေးပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ နောက်ပြီး ရလဒ်အနေနဲ့ ဒီက ပြည်သူ ထောင်ပေါင်းများစွာကို ဆင်းရဲတွင်းကနေ လွတ်အောင် ကူညီပေးနိုင်ခဲ့ပြီ လို့ ထင်ပါတယ်။ လူထောင်နဲ့ချီအတွက် သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ မိလ္လာစနစ်တွေ ပံ့ပိုးပေးနိုင်ခဲ့တယ်။ အစာ နဲ့ အာဟာရတွေ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အတွက်ကြောင့် မြန်မာပြည်သူတွေအတွက် အရမ်း ကောင်းတဲ့ အခြေအနေတစ်ရပ်ကို လုပ်ပေးနေတာဖြစ်ပါတယ်။

မေး။ ။ တစ်ခြား ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့၊ ဒီနေ့မှာ ခုလို စကားပြောဖို့ အခွင့်အရေး ရတဲ့အတွက် ခင်ဗျားတို့ကိုလည်း အထူးကျေးဇူးတင် တယ်လို့ ပြောချင်ပါတယ်။ ယူကေ အနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ တကယ်ပဲလုပ်ဆောင်နေတယ်ဆိုတာကို အားလုံးကိုလည်း သိစေချင်ပါတယ်။ ကျွန်တော်တို့ ဒီမှာ ရေရှည် ရှိနေတာပါ၊ ဒီမှာရင်းနှီးမြုှပ်နှံဖို့ ၊ စီးပွားရေးတွေ လုပ်ဖို့၊ အကူအညီတွေပေးဖို့၊ ဖွံ့ဖြိုးရေးတွေ လုပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ ဆက်လက်ရင်းနှီး မြုှပ်နှံသွားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းသူ့ရဲ့အဓိကဦးစားပေးရည်မှန်းချက်တွေဖြစ် တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီမှာ တကယ်ပဲ အောင်မြင်စေချင်ပါတယ်။သူ့အနေနဲ့ အဲဒီအတိုင်းအောင်မြင်အောင် လုပ်နိုင်ဖို့လည်း ကျွန်တော်တို့အများကြီး မျှော်လင့်ထားပါတယ်။    ။ (မဇ္စျိမ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly