အာဖဂန်နစ္စတန်တွင် ဆန္ဒပြနေသူများအား အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၆၈ ဦးရှိလာ

.

စက်တင်ဘာ ၁၂ ။        ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၁၁ ရက်နေ့က အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မှာ ဆန္ဒပြနေသူများကို အသေခံဗုံးပေါက်ခွဲခဲ့ရာ သေဆုံးသူ ၆၈ ဦးရှိခဲ့ကြောင်း အာဏာပိုင်တွေက ထပ်မံ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်နယ်ရဲ့ မြို့တော် ဂျာလာလာဘတ်နဲ့ အဓိက ပါကစ္စတန်နယ်စပ် ဖြတ်သန်းမျဉ်းတို့ကြား ပိတ်ဆို့ထားမှုနဲ့ စပ်လျဉ်းပြီး  ဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ အသေခံဗုံးဖောက်ခွဲမှုကြောင့် ဒဏ်ရာရသူ ၁၆၅ ဦးရှိခဲ့ပြီး ၎င်းတို့ကို ဂျာလာလာဘတ်မြို့ရှိ ဆေးရုံတွေမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့က ဗုံးခွဲမှုမှာ သေဆုံးခဲ့တဲ့လူတွေကို ၎င်းတို့ရဲ့နေအိမ်အသီးသီး ပို့လိုက်တာဖြစ်တဲ့အတွက် စစ်တမ်းပြန်ကောက်ထားတာဖြစ်ပါတယ်။”လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဂျာလာလာဘတ်ရဲ့ မိန်းကလေးစာသင်ကျောင်းနားမှာ ဗုံးသုံးလုံးပေါက်ကွဲခဲ့ရာ ဒေသခံ ၄ ဦးအပါအ၀င် ၁၄ နှစ်အရွယ်ကောင်လေးတစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ယခုလို အသေခံဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယခု ထပ်မံဖြစ်ပွားခဲ့တဲ့ အသေခံဗုံးပေါက်ကွဲမှုကို တာဝန်ယူဖြေရှင်းရန် တာလီဘန်တွေက ငြင်းဆန်လျက်ရှိတယ်လို့ သိရပါတယ်။