FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ခရိုင် ၄ ခရိုင် ပူးပေါင်းစုံစမ်းနေ

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ခရိုင် ၄ ခရိုင် ပူးပေါင်းစုံစမ်းနေ
Phto-Chit Ko Gyi facebook

ရန်ကုန်၊ ဇန်နဝါရီလ ၂၂ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိမ်ချောင်းဘေးရှိ ဖူဆယ်အားကစားရုံအနီးတွင် နေပြည်တော် FDA မှ ဝန်ထမ်းအမျိုးသမီးတစ်ဦး လည်ပင်းညိုမည်း ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သော အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ခရိုင် ၄ ခရိုင်ပေါင်းပြီး စုံးစမ်းစစ်ဆေးနေကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက မဇ္ဈိမသို့ ပြောသည်။

“ တွေ့တဲ့အချိန်တုန်းကတော့ လည်ပင်းညိုမည်းဒဏ်ရာတွေ့နဲ့ တွေ့ခဲ့တာပေါ့။ ရုပ်အလောင်းကို တွေ့တာနဲ့ ဆေးရုံကို ပို့လိုက်တယ်။ ဒီနေ့ သွားစစ်ကြတယ် ဆေးရုံမှာ။ ထပ်ပြီးတော့ ဘာတွေပေါ်လာမလဲမသိဘူး။ တရားခံကလည်း စုံးစမ်းစစ်ဆေးနေပါတယ်။ စစ်သင့်တဲ့သူတွေ အကုန်ခေါ်စစ်နေတယ်။ အခုက ခရိုင်လေး ခရိုင်လိုက်နေတာ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးငယ်သေဆုံးသောအမှုနှင့် ပတ်သက်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲ စခန်းတွင် (ပ)၈၃/ ၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး နေပြည်တော်ရှိ FDA အစားအစာနှင့် ဆေးဝါးကွပ် ကဲရေးဌာနမှ ဒုတိယကြီးကြပ်ရေးမှူးဖြစ်ကြောင်း သိရသည်။

“ သူက နေပြည်တော်မှာ အလုပ်ကိစ္စနဲ့နေပါတယ်။ အလုပ်ကိစ္စနဲ့ပဲသောကြာနေ့ညက ၆ နာရီကားနဲ့ ရန်ကုန်ကို ၁၁နာရီ ရောက် တာ။ နောက်တစ်နေ့ ၂ဝ ရက်နေ့၊ ည ၈ နာရီ နောက်ပိုင်းအဆက်အသွယ်ပြတ်သွားတာပါ။ သူ ထွက်သွား တာကတော့ မနက်ပိုင်းက အလုပ်ကိစ္စ၊ ပြီးတော့ အိမ်ခဏပြန်ဝင်တယ်။ ပြီးတော့ သူငယ်ချင်း တွေနဲ့ တွေ့မယ် ဘာညာနဲ့ အပြင်သွားတယ်။ ရဲမှတ်တမ်းအရ လှည်းတန်းက ဓာတ်ပုံ တွေ၊ CCTV မှတ်တမ်းတွေထွက်ပြီ။ ဒါပေမယ့် သူဘယ်ကားစီးသွားလဲ ဆိုတဲ့အနေအထားလေးတစ်ချက်တော့ နည်းနည်းကြန့်ကြာနေတယ်။ သူ ဈေးဝယ်တဲ့ ပုံတွေ တွေ့ပြီးတော့ သူဘယ်ကားစီးသွားတာလဲ။ ဘယ်နေရာကနေစစီးသွားတာလဲသိမှ ဟိုမှာ ဖုန်းခြေရာခံထားတဲ့ အလောင်း ပစ်ချထားတဲ့နေရာနားမှာ ဖုန်းကစက်ပိတ်ထားတယ်ဆိုတော့ ဘယ်ကား ဘယ်အချိန်မှာ ဖြစ် လည်းသိမှပဲ။ ကားတွေအရမ်းများနေတော့ စထွက်တဲ့ အချိန်ကို ကောက်လို့မရဘူးဖြစ်နေတယ်”ဟု သေဆုံး အမျိုးသမီးငယ်၏ မိသားစုဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

အမျိုးသမီးငယ် သေဆုံးနေသည့် ရုပ်အလောင်းကို ဖူဆယ်အားကစားရုံအနီးတွင် ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်တွင်  တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်က မနေ့က ကတည်းက  အတည်ပြုတာ။ မနေ့က မနက် ၈နာရီ၊ ၉ နာရီကတည်းက။ မြောက်ဥက္ကလာမှာ အမျိုးသမီးအလောင်းတစ်လောင်းရောက်လာတယ်။ အရေးပေါ်ရောက်လာတယ်။ အသက်တော့ မရှိ တော့ဘူး။ ရဲကလည်း တွေ့လို့ ဒီကိုလာပို့တာ။ ဒါပေမယ့် ကျွန်တော်တင်လိုက်တဲ့ ဓာတ်ပုံမှာ သူငယ်ချင်း လေး ယောက်တွဲပုံက အဲ့ဒီနေ့က ဝတ်တဲ့အင်္ကျီက အခုအခင်းဖြစ်တဲ့နေ့မှာ ဝတ်တဲ့ အင်္ကျီနဲ့ ပုံစံသွားတူနေတော့ ရဲက အဲ့ဒီမှာ ကျွန်တော်တို့ပြောမှသိတာ။ ရဲဘက်က တိုင်းရုံးဘက်ကလည်း ဒီကိစ္စကို အမြန်ဆုံးပေါ်အောင် လုပ်ပေးမယ်လို့ပြောတယ်။ အခုကိစ္စက အမျိုးသမီးထုရဲ့ လုံခြုံမှုကိုပါ ရိုက်ခတ်မှုဖြစ်သွားတဲ့သဘောရှိတယ်။ ကျွန်တော်ညီမက နမူနာပေါ့ဗျာ ”ဟု သေဆုံးသူအမျိုးသမီး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် နောက်ဆုံးအနေဖြင့် လှည်းတန်းတွင် တွေ့ရှိခဲ့သည့် သေဆုံးသူအမျိုးသမီး နှင့် ပတ်သက်ပြီး တွေ့ရှိခဲ့သူများ ရှိပါက သက်ဆိုင်ရာရဲစခန်းသို့ တွေ့ရှိခဲ့သည့်အခြေအနေအား ဆက်သွယ် အကြောင်းကြားပေးပါရန် သက်ဆိုင်သူမိသားစုဝင်များက မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags