ကွန်ဂိုနိုင်ငံ၌ အာဏာပိုင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၆ ဦးခန့်သေဆုံး

ကွန်ဂိုနိုင်ငံ၌ အာဏာပိုင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၆ ဦးခန့်သေဆုံး

 

ကင်ရှာဆာ၊ ကွန်ဂို၊ ဇန်နဝါရီ ၂၂ ။              ။ အာဖရိကတိုက်မှ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် သမ္မတဂျိုးဆပ်ဖ်ကာဘီလာကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ တနင်္ဂနွေနေ့တွင်ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များ၏ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၆ ဦးခန့်သေဆုံးခဲ့ရ ကြောင်း ကုလသမဂ္ဂက ပြောခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကွန်ဂိုနိုင်ငံ၏မြို့တော် ကင်ရှာဆာမြို့၌ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့များနှင့် ကျည်ဆန်အစစ်များကို အသုံးပြု၍ဖြိုခွင်းခဲ့ကြောင်း မျက်မြင် သက်သေများက ဆိုခဲ့သည်။

ဆန္ဒပြသူများသည် သမ္မတကာဘီလာ၏ ၁၇ နှစ်တာအုပ်ချုပ်မှုကို ဆန့်ကျင်သည့် အနေဖြင့် ကတ်သလစ် ဘုရားကျောင်းမှ ဘာသာရေးခေါင်းဆောင်များ၏တောင်းဆိုမှုအရ လူစုလူဝေးဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း၌ဖြစ်ပွားနေခဲ့သော သမ္မတကာဘီလာအား ဆန့်ကျင်ဆန္ဒပြပွဲများအတွင်း လူပေါင်း ၄၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ မြို့တော်ကင်ရှာဆာ၌ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲအတွင်း လူ ၆ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂငြိမ်းချမ်းရေးဖော်ဆောင်မှုမစ်ရှင်အဖွဲ့က ပြောခဲ့သည်။ ဒါ့အပြင် နိုင်ငံတစ်ဝန်း၌ လူပေါင်း ၉၄ ဦးခန့် အဖမ်းခံခဲ့ရကြောင်း သိရသည်။

သို့သော်လည်း နိုင်ငံတော်ရဲတပ်ဖွဲ့က လူ ၂ဦးခန့်သာ သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ၂ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု နိုင်ငံတော်ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။ ဒါ့အပြင် သေဆုံးခဲ့သူ ၂ဦးအနက် တစ်ဦးမှာ ရဲအရာရှိနှင့် နီးကပ်နေသောကြောင့် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ယီဗွန်ရာမာဇာနီက ဆိုခဲ့သည်။

“ပစ်ခတ်ခဲ့တဲ့ ရဲအရာရှိကိုဖမ်းဆီးထားပြီး တရားဥပဒေအတိုင်း ဖြေရှင်းသွားမှာဖြစ်ပါတယ်” ဟု သူက ပြောခဲ့ သည်။

ကွန်ဂိုနိုင်ငံ၌ တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော ဆန္ဒပြပွဲသည် လူတစ်ဒါဇင်ခန့်သေဆုံးခဲ့ရသော နှစ်သစ်ကူး အကြိုနေ့ ချီတက်ဆန္ဒပြပွဲပြီးနောက် ၃ ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly