မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအဖြစ် ပါဝင်သွားသည့် ယာမြေများပယ်ဖျက်ပေးရန် ဒေသခံများတောင်းဆို

မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအဖြစ် ပါဝင်သွားသည့် ယာမြေများပယ်ဖျက်ပေးရန် ဒေသခံများတောင်းဆို

 

မန္တလေး၊ဇန်နဝါရီ ၂၀ ။        ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊မယ်ဥတောင်ကြိုးပြင်ကာကွယ်တော အဖြစ်ပါဝင်သွားသည့် ဂန္ဓမာကျေးရွာအုပ်စုနှင့်အင်္ကျယ်ကျေးရွာအုပ်စုတို့ရှိ လယ်ယာမြေဧက ၂၀၀ကျော်အား သစ်တောမြေမှ ပယ်ဖျက်ပေးရန် ဒေသခံများက တောင်းဆိုလျှက်ရှိကြောင်းသိရသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ ဒီနေ့အချိန်ထိ စိုက်ပျိုးစားသောက်ဆဲပါပဲ။ဒါပေမယ့် ကြိုပြင်ကာကွယ်တောဆိုပြီး သူတို့က သတ်မှတ်ထားတယ်။ ဒါကို ပယ်ဖျက်ပေးဖို့တောင်းဆိုနေတယ်။ကျွန်တော်တို့ အခုမှ စိုက်နေတာ မဟုတ်ဘူး။ ဘိုးဘွား၊မိဘတွေလက်ထက်ကနေ ကျွန်တော့်လက်ထက်အထိ ဒီနေရာမှာစိုက်လာတာ နှစ်ပေါင်းတစ်ရာကျော်ပြီ ။ ဒီမြေကို သစ်တောမြေလို့သတ်မှတ်ရင် ဘယ်နေရာသွားလုပ်စားရမှာလဲ။ ဒါကြောင့် သစ်တောမြေ သတ်မှတ်လိုက်တာကို လက်မခံဘူး။ ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမယ်။"ဟု ဦးသန်းဝေကပြောသည်။

ဂန္ဓမာကျေးရွာတွင် ကွင်းအမှတ် ၄၆၇၊၄၆၇(ခ)၊အင်္ကျယ်ကျေးရွာမှကွင်းအမှတ် ၄၆၉(က)၊၄၇၀(က)တို့ရှိ လယ်ယာမြေများကို ၂၀၁၃ ခုနှစ်၌ မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်ကပင် ဒေသခံများက ကြိုးပြင်တောမြေအဖြစ်သတ်မှတ်သည်ကို လက်မခံဘဲ ပြန်လည်ပယ်ဖျက်ပေးရန် အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြတောင်းဆိုမှုများ ပြုခဲ့ကြသည်ဟု ဒေသခံများကဆိုသည်။

ထိုသို့ တင်ပြတောင်းဆိုခဲ့ခြင်းကြောင့် ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလ ၅ ရက်တွင် သစ်တောရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး၊ ခရိုင်မြေစာရင်း ဦးစီးမှူး စသည်တို့ပါဝင်သည့် အဖွဲ့မှ လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဒေသခံများနှင့်တွေ့ဆုံကာ သစ်တောမြေမှ ပြန်လည်ပယ်ဖျက်ပေးမည်ဟုဆိုကာ လက်မှတ်ထိုးများ ကောက်ခံသွားခဲ့သည်ဟု ထိုစဉ်က ပါဝင်ခဲ့သည့် ဒေသခံများကဆိုသည်။

"ကျွန်တော်တို့ကို သစ်တောမြေသတ်မှတ်ထားတယ်လို့ ဘယ်သူမှ လာမပြောဘူး။ ပုံစံ ၇ ရဖို့ လျှောက်ကြမှ ဒီမြေတွေဟာ သစ်တောမြေထဲပါလို့ လျှောက်လို့မရဘူးဆိုမှ တစ်ရွာလုံးက သိကြတယ်။ အဲဒီကတည်းက ပယ်ဖျက်ပေးဖို့ ချက်ခြင်းတောင်းဆိုတယ်။ ပယ်ဖျက်ပေးမယ်ဆိုပြီး လာစစ်တယ်။ ကျွန်တော်တို့ အားလုံးရဲ့ လက်မှတ်ထိုးခိုင်းတယ်။ ပယ်ဖျက်ပေးမယ်ဆိုလို့ အားလုံးက ထိုးပေးလိုက်ကြတယ်။ အခုကြတော့ မပယ်ဘူး ဆိုတာ သိရတယ်။ ဒါကြောင့် ပယ်ဖျက်ပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်"ဟု ဦးသန်းဝေက ပြောသည်။

မယ်ဥတောင်ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခံထားရသည့် လယ်ယာမြေများကို သစ်တောမြေမှ ပယ်ဖျက်ပေးရန် အတွက် ပြီးခဲ့သည့်လွှတ်တော်၌ ပုသိမ်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းဦးက တောင်သူများ လက်ရှိလုပ်ကိုင်စားသောက်နေတဲ့ ယာမြေ၊ ကိုင်းမြေ ပေါက်မြေများကို မယ်ဥတောင် ကြိုပြင်ကာကွယ်တောမြေအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်က ပယ်ဖျက်ပေးဖို့ အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေဆိုထားသည်။

"အမေတို့လုပ်စားလာတာ အားလုံးအသိ။ ဒီနေ့ အချိန်ထိပဲ။ အခုအမြင်ပဲ စိုက်နေတာ။ စိုက်လို့ ပျိုးလို့ရနေတဲ့မြေ ဒါကို သစ်တောမြေဆိုပြီး လာသတ်မှတ်တယ်။ အစိုးရလူကြီးတွေ ဒီနေရာကို ကွင်းဆင်းကြည့်စေချင်တယ်။ ဒီတောင်ကြီးကို အမေတို့ဒေသခံက ပိုချစ်တယ်။ဒီနေ့အချိန်ထိ တောင်မထိဘူး။ အရင်ကတည်းက ကာကွယ်ခဲ့တယ်။သူတို့ကသာ ကြိုးပြင်ကာကွယ်တော သတ်မှတ်နေတာ၊ တောင်ကိုတော့ ဖြိုခွင့်ပြုနေတယ် လာကြည့်ပါ။"ဟု အသက် ၈၇ နှစ်အရွယ်ရှိ ဒေါ်နွှဲ့ရီကပြောသည်။

အဆိုပါဒေသခံတောင်သူများစိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများကို လယ်ယာမြေ၊ မြေကြီး၊ မြေပုံမြေစာရင်း မှန်ကန်ရေးအတွက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ကွင်းဆင်းတိုင်တာကာ ၁၉၀၇ ခုနှစ်မှစတင်၍ တောင်သူအမည်၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ် ဧရိယာဧကများသတ်မှတ်ပေးခဲ့ခြင်းကြောင့် ဘိုးဘွားစဉ်ဆက် စိုက်ပျိုးစားသောက်ခဲ့ကြရာ ယနေ့အချိန်ထိဖြစ်ကြောင်း ဒေသခံများကဆိုသည်။

လက်ရှိစိုက်ပျိုးလုပ်ကိုင်စားသောက်နေဆဲ လယ်ယာမြေများကို မယ်ဥတောင်ကြိုးပြင်ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန်အတွက် ဒေသခံတောင်များက လက်မှတ်များထိုး၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဇန်နဝါရီ ၂၃ ရက်၌ တင်ပြတောင်းဆိုသွားမှာဖြစ်ကြောင်း ဒေသခံများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly