ဇန်နဝါရီလ ၁၉ ။ ။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ လုပ်ဆောင်နေသည့် UEHRD ပြည်ထောင်စုစီမံကိန်း၏ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံမှ အကူအညီပေးလိုကြောင်း ထိုင်းသံအမတ်ကြီးက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၁၉ ရက် ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Long တို့ တွေ့ဆုံစဉ် ပြောခဲ့ခြင်း ဖြစ်သည်။
ထိုင်းသံအမတ်ကြီးက နေရပ်စွန့်ခွာသူများအကြောင်း မေးမြန်းခဲ့ပြီး ပြန်လည်နေရာချထားရေးအတွက် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ အကူအညီပေးလိုကြောင်းပြောကြားခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကို လှူဒါန်းခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံ၏ “ရွာတစ်ရွာ ထုတ်ကုန် တစ်ခု” “One Tambon One Product (OTOP) ” အစီအစဉ်နှင့် ပတ်သက်ပြီး အကြံဉာဏ်များ၊ အတွေ့အကြုံများ ရယူလိုကြောင်း ပြောခဲ့သည်။
ထို့ပြင် ဒေါက်တာအောင်ထွန်းသက်က ရခိုင်ပြည်နယ်တွင် ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်လို ကြောင်းပါ ထည့်သွင်း ပြောဆိုခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့ရုံး၊ သံအမတ်ကြီး H.E Mr. Hhristian Schmidt နှင့်လည်း ဒေါက်တာဝင်းမြတ်အေးတို့ ယနေ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်းနေထိုင်သူများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်နှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။
လာမည့် ဇန်နဝါရီလ ၂၂၊ ၂၃ တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်လာမည့်သူများအား တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းများမှ ပြန်လည်လက်ခံသွားရန် အစိုးရမှ ပြင်ဆင်လျှက်ရှိပြီး ထွက်ပြေးသွားသူအရေအတွက်ကို အတိအကျ မထုတ်ပြန်ထားပေ။