အဆိုတော်ရသ ပါ ၃ ဦးကို မန္တလေးခရိုင်တရားရုံးတွင် စတင်ရုံးထုတ်စစ်ဆေး

.

မန္တလေး၊ စက်တင်ဘာ ၁၀ ။       ။ မူးယစ်ဆေးပြား ၁၆၀၀ ကျာ် လက်ဝယ်တွေ့ရှိမှုဖြင့် မန္တလေးမြို့တွင် ဖမ်းဆီးခံထားရသည့် အဆိုတော် ရသ (ခ) ရဲမင်းသိန်း အပါအဝင် သုံးဦးတို့ကို စက်တင်ဘာလ ၁၀ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးခရိုင်တရားရုံးတွင် စတင် တရားစွဲဆိုရုံးထုတ်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၃ နာရီ အချိန်ခန့်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှ အအေးခန်းဧည့်ရိပ်မွန် အခန်းတစ်ခုတွင် ၁၆၅၅ ပြား အပါအ၀င် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ကို အောင်ပင်လယ်ရဲစခန်းမှ  မယ ၁၁/၂၀၁၈ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

“ အခုလိုဆေးဝါးတွေရဲ့ တဒင်္ဂသာယာမှုကို သူတို့က ကြိုက်သွားတာ။ အရက်ကြိုက်တတ်တဲ့သူက အရက်စွဲတာပဲ။ လူက အကြိုက်ဆိုတာကို မရှောင်နိုင်ကြဘူး။ အကြိုက်၊ အတွေ့ကို မရှောင်နိုင်ကြတော့ ဒီ အဖြစ်မျိုးတွေ ကြုံတာပေါ့။ ကြုံတော့လည်း သူတစ်ယောက်တည်းလားဆိုတော့ တော်တော်များများပါပဲ။ ဒီလို ဖမ်းဆီးအရေးယူအပြစ်ပေးခံရခြင်းကလည်း သူ့အကြောင်းပေါ့ ” ဟု အဆိုတော်ရသ၏ ဖခင် ဦးတင်အုန်းက ပြောသည်။

သြဂုတ်လ ၂၈ ရက်၊ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရသည့် အဆိုတော် ရသ အပါအဝင် ၃ ဦးကို ဒုတိယအကြိမ် ချုပ်ရမာန်ရယူခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မန္တလေးခရိုင်တရားရုံးမှာ စတင်စစ်ဆေးနေခြင်း ဖြစ်သည်။