ဥပဒေပြုတာဝန်ကို ပြည်သူအတွက် ပြန်လုပ်သွားမည်ဟု ရခိုင်စည်ပင်ဝန်ကြီးဟောင်းဆို

ဥပဒေပြုတာဝန်ကို ပြည်သူအတွက် ပြန်လုပ်သွားမည်ဟု ရခိုင်စည်ပင်ဝန်ကြီးဟောင်းဆို
ဓာတ်ပုံ - ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင် Facebook

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ။              ။ ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ်မှ ရပ်စဲခံခဲ့ရသည့် ဦးမင်းအောင်အနေဖြင့် ပြည်သူလူထုအတွက် ဥပဒေပြုရေးတာဝန်ကို ပြန်လုပ်သွားမည်ဟု မဇ္ဈိမသို့ ပြောသည်။

"လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်တာဝန်ဖြစ်တဲ့ ဥပဒေပြုရေးတာဝန်တွေရှိပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်က နှစ်နှစ်တာကာလအတွင်းမှာ ဘာဥပဒေမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ဘူး။ အစိုးရအဖွဲ့က လုပ်တဲ့ စီမံကိန်းတွေလောက်ပဲ လုပ်နိုင်တယ်လေ။ အခုတော့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လုပ်နိုင်မယ့် ဥပဒေတွေ ပြန်ပြီးတော့ ပြဌာန်းနိုင်အောင် လုပ်မှာပါ" ဟု ဦးမင်းအောင်က ဆိုသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပြဌာန်းချက်များအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးမင်းအောင်ကို တာဝန်ကနေ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့ရက်စွဲဖြင့် ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ဥပဒေအရ ပေးအပ်သည့် တာဝန်ကိုကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား နစ်နာဆုံးရှုံးသည်ဟု ဆိုကာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

ယင်းစွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းစစ်ဆေးစေခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့ကြသည်။

ထို့နောက် ဇန်နဝါရီ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး ယင်း အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကလွဲ၍ ကျန် ကိုယ်စားလှယ် ၄၅ ယောက်က ဆန္ဒမဲပေး ဆုံးဖြတ်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၌ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတက ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly