A Star is Born ရုပ်ရှင်ကား အကြိုမိတ်ဆက်ပွဲ ကျင်းပ

.

စက်တင်ဘာ ၁၀ ။           ။ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ Bradley Cooper ရိုက်ကူးထားတဲ့ A Star is Born ရုပ်ရှင်ကား အကြိုမိတ်ဆက်ပွဲကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာလ၊ ၉ ရက်နေ့) က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

A Star is Born ရုပ်ရှင်ကားမှာ Bradley Cooper နဲ့အတူ အဆိုတော်၊ ရုပ်ရှင်မင်းသမီး Lady Gaga ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

“ဒီဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် စိတ်ရောကိုယ်ပါ မြုပ်နှံပြီး သေချာသရုပ်ဆောင်ခဲ့ပါတယ်။ Bradley လိုနာမည်ကြီးတဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ ရုပ်ရှင်ကားမှာ ဇာတ်ဆောင်နေရာကနေ သရုပ်ဆောင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။”လို့ Lady Gaga က A Star is Born ရုပ်ရှင်ကား အကြိုမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“A Star is Born ဇာတ်ကားမရိုက်ခင်မှာ ကျွန်မဆံပင်ကို နဂိုအရောင်ပြန်ဆိုးထားတယ်။ A Star is Born ရုပ်ရှင်အဖွဲ့သားတွေအကုန်လုံး ဇာတ်ကောင်တွေရဲ့စရိုက်အတိုင်း နေခဲ့ကြပြီးမှ ဇာတ်ကားစတင် ရိုက်ကူးတာဖြစ်ပါတယ်။”လို့ Lady Gaga ကဆက်ပြောပါတယ်။

“ဘ၀မှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေကြောင့် လူတွေရဲ့ ပြောင်းလဲလာတဲ့ အကျင့်စရိုက်တွေ၊ မိသားစုကြောင့် ခံစားရတဲ့ စိတ်ဝေဒနာတွေ၊ လူသားတစ်ယောက်အနေနဲ့ ဘယ်လိုရှင်သန်နေထိုင်သွားသင့်လဲ အစရှိတာတွေကို အဓိကထားပြီး ရိုက်ကူးတင်ဆက်ထားပါတယ်။ သနားကြင်နာတဲ့စိတ်ရှိအောင်၊ ကိုယ့်စိတ်ကို အေးချမ်းအောင် ဘယ်လိုနေထိုင်သင့်လဲဆိုတာကို လူငယ်တွေကို သိစေချင်ပါတယ်။”လို့ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ Bradley Cooper ကပြောကြားခဲ့ပါတယ်။

A Star is Born ရုပ်ရှင်ကားကို လာမယ့်အောက်တိုဘာလမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။