ထိုင်းနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်အားခ ၂၂ ဘတ်ထိ တိုးမြှင့် သတ်မှတ်ရန် ဆုံးဖြတ်

ထိုင်းနိုင်ငံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်အားခ ၂၂ ဘတ်ထိ တိုးမြှင့် သတ်မှတ်ရန် ဆုံးဖြတ်
Photo-Google

ချင်းမိုင်၊ ဇန်နဝါရီလ ၁၈ ။           ။  ထိုင်းနိုင်ငံရှိ အလုပ်သမားများကို လုပ်အားခ ၃၀၈ ဘတ်မှ ၃၃၀ ဘတ်ထိ တိုးမြှင့်သတ်မှတ်ပေးရန် ဇန်နဝါရီလ ၁၇ ရက်က ပြုလုပ်သော အနိမ့်ဆုံးလုပ်အားခကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

အလုပ်သမားတစ်ဦး၏ အနမ့်ဆုံး လုပ်အားခကို ၅ ဘတ်မှ ၂၂ ဘတ်အထိ ခရိုင်အလိုက် တိုးမြှင့်ပေးနိုင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းအလုပ်သမားဝန်ကြီးမှတဆင့် အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်သော ထိုင်းအစိုးရ ကက်ဘိနက် အစည်းအဝေးသို့ ဆက်လက် အတည်ပြုနိုင်ရန် တင်သွင်းသွားမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN)က ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

“ခရိုင်အလိုက် ၅ ဘတ်ကနေ ၂၂ ဘတ်ထိ တိုးပေးလိုက်တယ်။ နှုန်းထားတွေက ဖြစ်လိုဖြစ်သွားမလဲ ဆိုတော့ အနိမ့်ဆုံး ၃၀၈ ဘတ်ကနေ အမြင့်ဆုံး ၃၃၀ ထိဖြစ်သွားတယ်။ ခရိုင်အလိုက် ရကြမယ်။ ဒါက ဒီလိုပဲ နှစ်အလိုက် တိုးရမယ်လေ။ ဒီသတ်မှတ်ချက်က အလုပ်သမားတိုင်း အကျိုးခံစားခွင့်ရမယ်။ အခု တိုးမယ်လို့ ပြောပေမဲ့ ၄ လ ပိုင်း ၁ ရက်နေ့မှ စပြီး အကျုံးဝင်မှာပါ”ဟု ဦးစိန်ဌေးက ပြောသည်။

အလုပ်သမားများ လုပ်အားခကော်မတီမှ အလုပ်ရှင် ၅ ဦး၊ အလုပ်သမား ကိုယ်စားလှယ် ၅ ဦးနှင့် ထိုင်းအစိုးရ ဘက်မှ ကိုယ်စားလှယ် ၅ ဦးတို့က အစည်းအဝေးတွင် ဆွေးနွေး၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“ကုန်ဈေးနှုန်းကြီးတဲ့ဒေသတွေဆို များများတိုးတယ်။ ဥပမာ ဖူးခက်နဲ့ ချွန်ဘူရီ၊ လယောက်တို့က အမြင့်ဆုံး ဖြစ်သွားတယ်။ ဘန်ကောက်အနီး တဝိုက်ကတော့ ၃၂၅ ပေါ့နော်။ တချို့ခရိုင်က ၃၂၀ တိုးတယ်။ ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်က လုပ်အားခ ၃၀၀ ထိတိုးပေးကတည်း နည်းနည်းဘဲ ၂ ဘတ်၊ ၁၀ ဘတ်ထိ မနှစ်က တိုးမြှင့်လိုက် တယ်”ဟု သူက ဆက်ပြောသည်။

အဆိုပါ အနိမ်ဆုံး လုပ်အားခ တိုးမြှင့်မှုသည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အခြားလာအို၊ ကမ္ဘာဒီယာ ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်အားခ တိုးမြှင့်လိုက်မှုအပေါ် ဝမ်းသာသော်လည်း သတ်မှတ်ထားသည့်အတိုင်း လက်တွေ့ ရရှိစေလိုကြောင်း မြန်မာအလုပ်သမား မဖြိုးက ပြောသည်။

“ညီမတို့ လုပ်အားခ ဒီလို တိုးမယ်ဆိုတာ သတင်းတွေ ဖေ့ဘုတ်တွေပေါ်မှာလည်း တွေ့တယ်။ မြန်မာအလုပ်သမားတွေ အနေနဲ့တော့ သူများနိုင်ငံမှာ ၁၀ ဘတ်တိုးလည်း ၁၀ ရက်ဆိုရင် ၁၀၀ ရနေပြီ အသုံးစရိတ်က သက်သာတာပေါ့နော်။ သတ်မှတ်ထားတဲ့အတိုင်း အပြည့်အဝ ရစေချင်တယ်”ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကတ်၊ အလယ်ပိုင်းရှိ ချွန်ဘူရီ၊ လယောက် ခရိုင်ရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်အားခ ၃၃၀ ဘတ် တိုးမြှင့်လိုက်ပြီး ဘန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ်၊ ပထုမ်ဌာနီ၊ စမွတ့်ပရာကန်၊ စမွတ်စာခွန်၊ ချချင်းဆောင် ခရိုင်များတွင် ၃၂၅ ဘတ်၊ ဥဘွန်ရက်တ်ချဌာနီ၊ စူဖန်ဘူရီ၊ စလဘူရီ၊ နောင်ခိုင်၊ အယူထရာ လွတ်ဘူရီ၊ တရက်၊ ခေါန်ကဲန်၊ စုန်ခလာ ဒူရတ်ဌာနီ၊ ကရဘီ၊ ချင်းမိုင်၊ နခေါ်ရက်ချ်စီ မား၊ ဖန်ငါတု ခရိုင်များတွင် ၃၂၀ ဘတ်ထိ ရရှိရန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ကျန်ထဘူရီ၊ စမွတ်စုန်ခရမ်၊ စကွန်နခေါ်၊ မုဒါဟန်၊ နခေါ်နာယွတ်၊ ပရာကျင်ဘူရီ၊ ကလဆင် စသည့် ခရိုင်များတွင် ၃၁၈ ဘတ် သတ်မှတ်ထားပြီး လွဲအစ်၊ ပကျွပ်၊ နခေါ်စဝမ်၊ စရကဲ့အို၊ ဖတ်ထလုမ်၊ ဥတရဒစ်၊ ဥဒွန်ဌာနီ၊ နခေါ်ဖနုမ်၊ ဘူရီလမ်၊ ဖက်ချ်ဘူရီ၊ ဒူရင်၊ ဖိစနုလို့၊ ဖက်ချ်ဘွန်၊ ချိုင်နာ့၊ လေ၊ ယစိုထောန်၊ ဖယောင်၊ ဘင်ကန်၊ နန့်၊ ကန်ကျနဘူရီ၊ ဘန်ထောင် စသည့်ခရိုင်များတွင် လုပ်အားခ ၃၁၅ ဘတ်ထိ ရရှိမည် ဖြစ်သည်။

ထို့ပြင် နရာထိဝ၊ ပတ်ထနီ၊ ယာ့လာ စသည့် ခရိုင်များတွင် အနိမ့်ဆုံးလုပ်အားခ ၃၀၈ ဘတ်၊ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်း စင်ဘူရီ၊ တရန်၊ လမ်ပန်၊ လန်ဖွန်၊ ချမ်ဖေါ်၊ စတွန်၊ နောင်ဘွာ လမ်ဖွန်၊ ဖိကျစ်၊ ကမ်ဖန်ဖက်ချ် ဆူခိုထိုင်း၊ ချင်းရိုင်၊ စီစကစ်၊ ချိုင်ယဖုမ်၊ ချင်းရိုင်၊ ဥထိုင်ဌာနီ၊ အမ်န ကျလိန်၊ ဖလဲ့၊ မဲဟောင်ဆောင်၊ နခေါ်စီထမ္မရာ့၊ မဟာစရခမ် စသည့်ခရိုင်များတွင် ၃၁၀ ဘတ် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အနိမ့်ဆုံး လခများ တိုးမြှင့်လိုက်သဖြင့် အချိန်ပိုကြေး(အိုတီ)လည်း တိုးမြှင့်သတ်မှတ်လိုက်ပြီး ဥပမာ လုပ်အားခ ၃၂၅ ဆိုပါက တစ်နာရီလျှင် အချိန်ပိုကြေး ၆၀ ဘတ်ထိ တိုးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

၎င်းတို့ တိုးမြှင့်သတ်မှတ်နှုန်းထားများကို ထိုင်းအစိုးရ ကက်ဘိနက်အစည်းအဝေးက အတည်ပြုပြီး လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ခံစားရရှိမည်ဖြစ်ကြောင်း သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly