ရန်ကုန်ရေကြောင်းဘတ်စ် မိုးမကျမှီ လမ်းကြောင်းအသစ်ဆွဲမည်

ရန်ကုန်ရေကြောင်းဘတ်စ် မိုးမကျမှီ လမ်းကြောင်းအသစ်ဆွဲမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ရက် ။                        ။ ရန်ကုန်ရေကြောင်းဘတ်စ်(Yangon Water Bus)မှ လမ်းကြောင်းအသစ်များကို မိုးတွင်းမရောက်မှီ ပြေးဆွဲနိုင်ရန်မျှော်လင့်ထားကြောင်း တင့်တင့်မြန်မာကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

ရန်ကုန်ဘတ်စ်ကားနစ်(YBS)တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ဇန်နဝါရီလ ၁၆ရက်နေ့၌ ရန်ကုန်မြို့ Sky Starဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့တက်ရောက်လာသည့် ဒေါ်တင့်တင့်လွင်က ပြောခဲ့ခြင်းဖြစ်သည်။ 

"နောက်ထပ်မြစ်တွေကတော့ ဗိုလ်တစ်ထောင်ကနေ ညောင်တန်း-မြောက်ဒဂုံ အထိပြေးဆွဲမှာဖြစ်ပါတယ် ။ ဒီအပြင် သန်လျင် စတားစီးတီးဘက်ကိုလည်း ပြေးဆွဲမှာဖြစ်ပါတယ် ။ Phase2 (ပြောင်းလဲမှုအဆင့်-၂)မှာတော့ ကျန်တဲ့မြစ်နှစ်ကြောင်းကိုစီစဉ်နေပါတယ်။ ဆိပ်ကမ်းများကိုလည်းပြေးဆွဲဖို့စတင်နေပါတယ်"ဟု တင့်တင့်မြန်မာကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

ရေကြောင်းဘတ်စ်လမ်းကြောင်းအသစ်အနေဖြင့်ပြေးဆွဲမည့် ပုဇွန်တောင်ချောင်းအတွင်း၌ မြောက်ဒဂုံဆိပ်ကမ်း(နာရေးကူညီမှုအသင်းအနီး)၊ တောင်ဥက္ကလာဆိပ်ကမ်း (တောင်ဥက္ကလာပဘုရားအနီး)၊ သုဝဏ္ဏဆိပ်ကမ်း(သုဝဏ္ဏဘုရားအနီး)၊ သာကေတ-၁ဆိပ်ကမ်း(မီးကျောင်းမွေးမြူရေးစခန်းအနီး)၊ ပုဇွန်တောင်(၂)ဆိပ်ကမ်း(ကြက်ဘဲဈေးအနီး)၊ သာကေတ-၂ဆိပ်ကမ်း(ရွှေပုဇွန်မုန့်တိုက်အနီး)၊   ဒေါပုံဆိပ်ကမ်း(ဗိုလ်လရောင်လမ်းထိပ်အနီး)၊ ညောင်တန်းဆိပ်ကမ်း(ပုဇွန်တောင်) စသည့်ဆိပ်ကမ်း(၈)ခုပါရှိမည်ဖြစ်သည်။

ထို့အပြင် လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို၊ ဒလမြို့နယ်များသို့ လမ်းကြောင်းထပ်မံတိုးချဲ့ပြေးဆွဲရန် ယခုနှစ်အစပိုင်းတွင် ဆိပ်ကမ်းနေရာများကိုလည်း ကြည့်ရှု့ထားပြီးကြောင်း  ဒေါ်တင့်တင့်လွင်က   ပြောသည်။

သင်္ဘောလိုအပ်ချက်များအတွက် ပြည်ပမှမှာယူတင်သွင်းသည်ထက် ပြည်တွင်း၌ ဆောက်လုပ်သည့် သင်္ဘောများကိုသာ အသုံးပြုသွားမည်ဟု ဒေါ်တင့်တင့်လွင်က ဆိုသည်။

ထိုသို့ဆောင်ရွက်ခြင်းဖြင့် သယ်ယူပို့ဆောင်ခ၊ အချိန်ကြန့်ကြာမှုနှင့် တင်ပို့၊ တင်သွင်းမှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားသည်။

ရန်ကုန်ရေကြောင်းဘတ်စ်ပြေးဆွဲနေသည့် တင့်တင့်မြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံထုတ်သင်္ဘော(၁၀)စီး၊ သြစတးလျနိုင်ငံထုတ် Catamaran(၃)စီး၊ ထိုင်းနိုင်ငံထုတ်သင်္ဘော(၃)စီး စုစုပေါင်း(၁၆)စီးတို့ဖြင့်ပြေးဆွဲရန်စီစဉ်ထားပြီး လက်ရှိအချိန်တွင် သဘောၤ(၈)စီးဖြင့် ပြေးဆွဲနေသည်။

သင်္ဘောစီးနင်းရန်အတွက် ကတ်စနစ်အသုံးပြုထားပြီး သင်္ဘောပေါ်တွင်အစာပြေစားသောက်နိုင်ရန် ထမင်းဗူးများကို ကျပ်(၄၀၀)ရာနှင့် ကော်ဖီ၊ လက်ဖက်ရည်များကိုကျပ်(၁၅၀)ဖြင့်လည်းကောင်း ရောင်းချပေးထားမည်ဖြစ်သည်။

လုံခြုံရေးအတွက် ရန်ကုန်ရေကြောင်းဘတ်စ်၏ သင်္ဘောများအားလုံးကို GPSစနစ်ထည့်သွင်းထားပြီး ထိန်းချုပ်စင်တာမှစောင့်ကြည့်နေမည်ဖြစ်သည်။

ရန်ကုန်ရေကြောင်းဘတ်စ်၏ တစ်လတာစာရင်းများအရ ရုံးဖွင့်ရက်များတွင် တစ်နေ့လျှင်ပျမ်းမျှ ခရီးသည်သုံးထောင်မှ ငါးထောင်အထိ စီးနင်းနေကြပြီး စနေ၊ တနင်္ဂနွေနေ့များတွင် တစ်ရက်ပျှမ်းမျှ ခရီးသည်ခြောက်ထောင်ခန့်အထိ စီးနင်းလိုက်ပါနေကြသည်။

ရန်ကုန်ရေကြောင်းဘတ်စ်(Yangon Water Bus)သည် လက်ရှိအချိန်တွင် ရန်ကုန်မြစ်ကြောင်းတစ်လျောက်ရှိ ဗိုလ်တစ်ထောင်ဆိပ်ကမ်း၊ နန်းသီတာဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ လှိုင်ဘူတာရုံဆိပ်ကမ်း၊ အင်းစိန်ဆိပ်ကမ်းတို့ကို ပြေးဆွဲလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly