ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးကိုကိုကြီးနှင့် ဦးမင်းဇေယျာဝင်ပြိုင်မည့်ကိစ္စ အတည်မပြုသေး

ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးကိုကိုကြီးနှင့် ဦးမင်းဇေယျာဝင်ပြိုင်မည့်ကိစ္စ အတည်မပြုသေး

 

ရန်ကုန် ဇန်နဝါရီ ၁၇ ။                   ။ ရှစ်လေးလုံးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ပါတီမှတ်ပုံတင်ခွင့်ရရှိပါက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်အဖွဲ့ တာဝန်ခံဦးကိုကိုကြီးနှင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေး ချယ်ခံမည့်ကိစ္စမှာ ပြောကြားရန် စောလွန်းသေး သည်ဟု ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်အဖွဲ့ မှ ၈၈ မျိုးဆက် ဦးမင်းဇေယျာက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြန်ကြား ချက်အပေါ် မူတည်၍ မှတ်ပုံတင်ကျပါက လုပ်ထုံး လုပ်နည်းများနဲ့အညီ အနည်းဆုံး သုံးလေးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ ၎င်းတို့ ၂ ဦး ဝင် ရောက်အရွေးအချယ်ခံမည်မှာ အတည်ပြု၍ မရသေးဟု သိရသည်။

" ဘာမှပြောလို့မရသေးပါဘူး၊ အတည်ပြုလို့မရ သေးဘူး၊ ဒါတွေက ခန့်မှန်းပြောဆိုချက်တွေပါ၊ ဘာ တစ်ခုမှ ကြိုတင်မစီစဉ်ထားရသေးပါဘူး၊ အခုက ပါတီမှတ်ပုံတင်တောင် မကျသေးဘူး၊ ပါတီအီးစီ တွေဘာတွေလည်း မရွေးချယ်ရသေးဘူးလေ၊ အဲ ဒီတော့ ဒါတွေက ပြောဖို့စောပါသေးတယ်၊ ဥပဒေ သဘောအရက နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ကျ ပြီဆိုရင်၊ ပါတီအဖြစ် ခွင့်ပြုပြီဆိုရင် ဘယ်ရွေး ကောက်ပွဲဖြစ်ဖြစ်၊ ကြားဖြတ်ဖြစ်ဖြစ်၊ အထွေထွေ ရွေးကောက်ပွဲပဲဖြစ်ဖြစ် ဝင်ပြိုင်ရမှာကိုး" ဟု ၈၈ မျိုးဆက် ဦးမင်းဇေယျာက ပြောသည်။

မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင်ကျပါက စီစဉ်သွားမည်ဖြစ်ပြီး၊ လတ်တလောအနေဖြင့် ကြိုတင်စီစဉ်ထားခြင်းမရှိသေးဟု ဦးမင်းဇေယျာက ဆက်ပြောသည်။

"ငါတို့ပါတီကလည်း ပါတီမှတ်ပုံတင်ကျရင်တော့ ဝင်ပြိုင်ရမှာပေါ့၊ အပိုင်း ၂ ပိုင်းရှိတယ်၊ ပါတီမှတ်ပုံ တင်ကျဖို့ရယ်၊ ဒုတိယပိုင်းက ကျပြီးလို့ရှိရင် ကြား ဖြတ်ကို ဘယ်လိုဝင်မယ်၊ ဘယ်က ဝင်မယ်ဆိုတာ ဆုံးဖြတ်ရမှာပေါ့၊ အခုကတော့ ဘာမှကြိုတင်စီစဉ် လုပ်ထားလို့ မရသေးဘူးလေ" ဟု ၈၈ မျိုးဆက် ဦးမင်းဇေယျာက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ (ရန်ကုန် တိုင်းဒေသကြီး) ရုံးခန်းဖွင့်ပွဲတွင် ပါတီဖြစ်မြောက် ရေး ဗဟိုဦးဆောင်အဖွဲ့တာဝန်ခံဦးကိုကိုကြီးက ရေရှည်တောင့်တင်းခိုင်မာသည့် ပါတီတစ်ခုဖြစ်ရန် ရည်ရွယ်ထားပြီး၊ ကိုယ်စားလှယ်လောင်း ရွေးချယ် သည့်အခါ သက်ဆိုင်ရာမဲဆန္ဒနယ်မှ ပုဂ္ဂိုလ်ကို ဦး စားပေး ရွေးချယ်မည်ဟု ပြောကြားထားသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက် ရေးကော်မတီက ပါတီ အမည် သတ်မှတ်နိုင်ရေး ၂၀၁၆ ဇူလိုင် ၁၅ ရက်က စတင်အဖွဲ့ဖွဲ့စည်း ပြီးနောက် တစ်နှစ်ခွဲခန့်အကြာ တွင် ပါတီအမည်ပေးခဲ့သည်။ ထို့ပြင် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီရုံးခန်းများကို ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်း တို့တွင် ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းနှင့် မွန်ပြည်နယ် တို့တွင် ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။

၈၈ မျိုးဆက်များအပါအဝင် အခြားနိုင်ငံရေးမျိုးဆက်များ ပါဝင်မည့် ပါတီအမည်ကို ရှစ်လေးလုံးပါတီ (The Four Eight) ဟု ပေးထားပြီး ပါတီအမည်နှင့် ပတ်သက်၍ ဝေဖန်မှုအချို့လည်း ရှိခဲ့သည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်များမှာ ချင်း ပြည်နယ် မတူပီ အမှတ် (၁)၊ ပဲခူးတိုင်း အုတ်တွင်း အမှတ် (၁)၊ မန္တလေးတိုင်း သပိတ်ကျင်း အမှတ် (၁)၊ စစ်ကိုင်းတိုင်း တမူး အမှတ် (၂)၊ မကွေးတိုင်း မင်းဘူးမြို့နယ် အမှတ် (၂)နှင့် ရခိုင်ပြည်နယ် ရသေ့ တောင် အမှတ် (၂) တို့ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် အတွက် ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ် နှင့် ရှမ်းပြည်နယ်လဲချားမဲဆန္ဒနယ်တို့ ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲအထိ စုစုပေါင်းရွေးကောက်ပွဲ (၅)ကြိမ်ပြု လုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲမှအပ ကျန်ရွေးကောက်ပွဲများတွင် NLD ပါတီ က အပြတ်အသတ် အနိုင် ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly