မြောက်ဦးတွင် လူစုလူဝေးက ရဲတပ်ဖွဲ့ထံမှ သေနတ်များ လုယက်ခဲ့မှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ဟုဆို

မြောက်ဦးတွင် လူစုလူဝေးက ရဲတပ်ဖွဲ့ထံမှ သေနတ်များ လုယက်ခဲ့မှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ဟုဆို
ဓာတ်ပုံ- Myat Thu Tin(Facebook)

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၇ ။              ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့၊ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ လူစုလူဝေးက အုပ်ချုပ်ရေးမှူးအိမ် ဖျက်စီးခြင်းများ၊  အလံဖြုတ်ချခြင်းများပြုလုပ်ခဲ့ပြီးရဲတပ်ဖွဲ့ထံမှ သေနတ်များ လုယက် ခဲ့မှုကြောင့် ပစ် ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက မဇ္ဈိမသို့ ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၁၁နာရီတွင် ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၂ ဦးရှိကြောင်း သိရ သည်။

“ အခုချိန်ထိ သေဆုံးသူ ၇ ဦးပါခင်ဗျာ။ ဒဏ်ရာရသူ ၁၂ ဦးပါခင်ဗျာ။ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ခုချိန်ထိ ကျွန်တော်တို့ နာမည်တွေ၊ ဘာတွေမရသေးဘူး။ ဘယ်ရွာကလည်း၊ ဘာလဲမသိသေးဘူး။ ရခိုင်ဘုရင့် နိုင်ငံ တော် ကျဆုံးနေ့အထိမ်းအမှတ်အခမ်းအနားကို တားမြစ်တဲ့အတွက် အဲ့ဒါတွေရယ်၊ နောက်ပွဲလမ်း သဘင် တွေရှိတော့ လာရင်းနဲ့ သူတို့ ပွဲမကြည့်ရတာနဲ့ မကျေနပ်တာပါတယ်ပေါ့။ မူးရူးပြီးတော့ ဖြစ်ကြတာ။ တို့အရေးလို့ အော်တာကတစ်ပိုင်းပေါ့ဗျာ။ အော်ရင်းနဲ့မှ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတို့ အိမ်တို့ကို ဖျက်စီးတယ်။ အလံတွေ ဖြုတ်ချတယ်။ ပြီးတော့ ရဲတပ်ဖွဲ့တွေဆီက သေနတ်တွေလုတယ်။ ဝင်လုံးတယ်ပေါ့။ အဲ့ဒါတွေဖြစ်တယ်။ ဖြစ် တော့ ဒီပြဿနာဖြစ်တာပေါ့”ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယမန်နေ့(ဇန်နဝါရီ ၁၆ ရက်) ပြာသိုလကွယ်နေ့၌ ကျင်းပရန် စီစဉ်ထားသည့် ရခိုင့်ဘုရင် အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို သက်ဆိုင်ရာက တားမြစ်လိုက်သည့်အတွက် အခမ်းအနား ကျင်းပရန် စီစဉ်ထားသည့် နန်းတော်ကုန်းထက်တွင် လူထုအုံကြွမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ရခိုင့်ဘုရင်အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား ၂၃၃ နှစ်မြောက်နေ့ ဟောပြောပွဲတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ကျင်းပခဲ့ရာ   ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့က 'လလည်းကွယ် ပြည်လည်းဆုံး' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ယင်းနောက် စာရေးဆရာဝေဟင်အောင်ကို   နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly