ဖိလစ်ပိုင်က မေယွန်မီးတောင် ပေါက်ကွဲမှု ပိုဆိုးလာကာ ချော်ရည်ပူများ ပန်းထွက်

ဖိလစ်ပိုင်က မေယွန်မီးတောင် ပေါက်ကွဲမှု ပိုဆိုးလာကာ ချော်ရည်ပူများ ပန်းထွက်

မနီလာ၊ ဇန်နဝါရီ ၁၆ ။            ။ ဖိလစ်ပိုင်နိုင်ငံတွင် မေယွန်မီးတောင်သည် ဆိုးဝါးပြင်းထန်စွာ ပေါက်ကွဲလာမည် စိုးရိမ်မှုကြောင့် ဒေသခံများ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးလျက်ရှိစဉ် ဇန်နဝါရီ ၁၆ ရက်တွင် ပေါက်ကွဲမှု ပိုဆိုးလာနေကာ ချော်ရည်ပူများ ပန်းထွက်လျက်ရှိနေသည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေမှစကာ စတင်လှုပ်ရှားလာခဲ့သည့် မနီလာမြို့တော် အရှေ့တောင်ဖက် ၃၃၀ ကီလိုမီတာတွင် ရှိသော မေယွန်မီးတောင်မှ ဇန်နဝါရီ ၁၅ ရက် ညနှင့် ဇန်နဝါရီ ၁၆ ရက်တို့တွင် ချော်ရည်ပူများ ထွက်ရှိမှုက နှစ်ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိနေကြောင်း ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဆိုင်ရာသိပ္ပံကျောင်းက ထုတ်ပြန်သည်။

လှုပ်ရှားနေခဲ့သည်မှာ ရက်အတန်ကြာပြီဖြစ်သော်လည်း မီးတောင်ပေါက်ကွဲမှုနှင့် ပတ်သက်သည့် သတိပေးချက် အဆင့် ငါးဆင့်ရှိရာတွင် အထူးပြင်းထန်သော ပေါက်ကွဲမှုဖြစ်နိုင်ခြေကြောင့် အဆင့်သုံးသတိပေးချက် ထုတ်ပြန်ထားသည်။

အန္တရာယ်ဇုန်နယ်မြေအဖြစ် သတ်မှတ်ထားသော မီးတောင်ဝန်းကျင် အချင်းဝက် ခြောက်ကီလိုမီတာအတွင်း နေထိုင်သူ ၁၃၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကာ ယာယီခိုလှုံရေးစခန်းများ၊ စာသင်ကျောင်းများ၊ အားကစားကွင်းများတွင် ပြောင်းရွှေ့ချပေးထားကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီက ဖော်ပြသည်။

မီးတောင်မှ အနောက်တောင်ဖက် ၁၈ ကီလိုမီတာတွင် ရှိသော ဂီနိုဘာတန်ကျေးရွာမှ ပြည်သူအများစုကို အစိုးရဌာနအဆောက်အအုံများနှင့် ကျောင်းများသို့ ပြောင်းရွှေ့ပေးထားပြီး စာသင်ကျောင်းများမှာ ယာယီခိုလှုံရေးစခန်းများ ဖွင့်ထားရခြင်းကြောင့် ပိတ်ထားရကြောင်း အီးပီအေက သတင်းဖော်ပြသည်။

ကျေးရွာက လေထုအတွင်း ကန့်အနံ့များ ဖုံးလွှမ်းနေခြင်းကြောင့် လူအများစုမှာ မျက်နှာစွပ်များ၊ စနိုးတာဝါနှင့် မျက်နှာစည်းများ ဝတ်ဆင်အသုံးပြုနေရသည်။

ဝန်းကျင်ကျေးရွာမှ ဒေသခံအများစုသည် ၎င်းတို့ မွေးမြူထားသော ကျွဲနွားတိရစ္ဆာန်များကို စောင့်ရှောက်ရန်နှင့် အလစ်သမား သူခိုးသူဝှက်များ ရန်ကြောင့် နေရပ်မှ မခွာနိုင်ဖြစ်နေကြောင်း အီးပီအေသို့ ပြောကြသည်။

သို့သော်လည်း ငလျင်လှုပ်ခါမှု ပိုမိုဆိုးဝါးလာပါက စစ်တပ်က နယ်မြေဧရိယာအတွင်းရှိ ကျေးရွာနေပြည်သူများကို မပြောင်းမနေရ ရွှေ့ပြောင်းပေးတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly