Creed 2 တွင် ပါ၀င်သရုပ်ဆောင်မည့် ရိုမေးနီးယားလက်ဝှေ့သမား ဖလိုရီယန်မွန်တာနူ

Creed 2 တွင် ပါ၀င်သရုပ်ဆောင်မည့် ရိုမေးနီးယားလက်ဝှေ့သမား ဖလိုရီယန်မွန်တာနူ

ရိုးမေးနီးယားလက်ဝှေ့သမား ဖလိုရီယန်မွန်တာနူသည် မိုက်ကယ်ဘီဂျော်ဒန်နှင့် မင်းသားကြီးစတားလုံးတို့၏ လက်ဝှေ့ဇာတ်ကား Creed 2 တွင် အိုင်ဗန်ဒရာဂို၏ သားအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဟု Variety သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

ပထမဇာတ်ကား Creed အောင်မြင်ခဲ့သည့်အတွက် ယင်းရုပ်ရှင်၏ အဆက်အဖြစ် ထပ်မံထွက်ရှိလာမည့် Creed 2 တွင် ပထမဇာတ်ကားမှ သရုပ်ဆောင်များဖြစ်ကြသော ဂျော်ဒန်၊ စတားလုံးနှင့် တက်ဆာသွမ်ဆန်တို့လည်း ထပ်မံပါဝင်သွားမည်ဖြစ်သည်။

မွန်တာနူသည် Rocky IV ဇာတ်ကားတွင် ဂျော်ဒန်၏ ဖခင်ဖြစ်သူ အပိုလိုခရိဒ်အား ထိုးသတ်သွားခဲ့သည့် ဆိုဗီယက်လက်ဝှေ့သမားကြီး အိုင်ဗန်ဒရာဂို၏ သားဖြစ်သူနေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။ အိုင်ဗန်ဒရာဂိုအဖြစ် သရုပ်ဆောင်ခဲ့သည့် ရုရှားအာနိုးဟု လူသိများသော ဆွီဒင်မင်းသားကြီး ဒေါ့ဖ်လွန်ဒန်လည်း Creed 2 တွင် ပြန်လည်ပါဝင်သွားမည်ဟု သိရသည်။

ဇာတ်အိမ်နှင့်ပက်သက်၍ ကွဲကွဲပြားပြားမသိသေးသော်လည်း အဓိကဇာတ်ကောင်နှစ်ဦး ဖြစ်လာနိုင်မည့် ဂျော်ဒန်နှင့် မွန်တာနူတို့အတွဲကို ပရိသတ်များက ကြိုက်နှစ်သက်လျက်ရှိသည်။

Creed 2 ကို မင်းသားကြီးစတားလုံးက ဇာတ်ညွန်းရေးသားထားပြီး ဒါရိုက်တာစတီဗင်ကေပယ်လ်ဂျူနီယာက ရိုက်ကူးမည်ဖြစ်ကာ လာမည့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြန့်ချီသွားရန် စီစဉ်ထားသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags