ဒီဂျေ Alan Walker နဲ့ Don Diablo တို့ ရန်ကုန်မှာ လာရောက်ဖျော်ဖြေမယ်

.

ရန်ကုန်၊ စက်တင်ဘာ ၁ ။            ။ နိုင်ငံခြား DJ တွေ ဖြစ်တဲ့ Alan Walker နဲ့ Don Diablo တို့ လာမဲ့ စက်တင်ဘာလ ၁၅ ရက်၊ ညနေ ၄ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်မဲ့ပွဲမှာ လာရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒီ ဂီတဖျော်ဖြေပွဲကို We Are Connected လို့ အမည်ပေးထားပြီး Alan Walker ၊ Don Diablo တို့အပြင် Sander Van Droon ၊ Cash Cash ၊The Him တို့ဖြင့် ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကို General Access (GA) ကို ၂၅၀၀၀ ကျပ်၊ Premium Access (PGA) ကို ၃၀၀၀၀ ကျပ်၊ VIP Access (VIP) ကို ၇၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ကြိုတင်လက်မှတ်တွေလည်း သတ်မှတ်နေရာတွေမှာ ၀ယ်ယူနိုင်ပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

We Are Connected ကို နယ်သာလန်နိုင်ငံမှ ALDA Events အဖွဲ့၊ မြန်မာနိုင်ငံမှ H-Life Entertainment ၊ ထိုင်းနိုင်ငံမှ Retox Sessions တို့မှ ပူးပေါင်းကျင်းပတာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေမှု ကို မြန်မာပရိသတ်တွေ ခံစားနိုင်စေဖု့ရည်ရွယ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

DJ Alan Walker သည် ၂၀၁၅ ခုနှစ်မှစ၍ Faded သီချင်းဖြင့် ကမ္ဘာတစ်ဝှမ်းအောင်မြင်လာခဲ့ပြီး Sing Me To Sleep ၊ Alone ၊ The Specter သီချင်းတွေနဲ့ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ ကမ္ဘာကျော် DJ/ Music Producer တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံထုတ် DJ Mag မဂ္ဂဇင်းတွင် ကမ္ဘာ့အဆင့် ၁၇ အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒတ်ခ်ျ DJ Don Diablo ကတော့ ၂၀၁၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံထုတ် DJ Mag မဂ္ဂဇင်းတွင် ထိပ်တန်း DJ အယောက် ၁၀၀ စာရင်း၌ အဆင့် ၁၁ ရရှိခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ Online music store ဖြစ်တဲ့ Beat port မှာ Future House Artist of the Year အဆင့် ၁ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။