NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

စွန့်ပစ်သစ်ငုတ်သစ်ဆွေးများဖြင့် ပန်းပုရုပ်တုများအဖြစ် ဖန်တီးပြုလုပ်ပေးနေ

.

သထုံ၊ သြဂုတ် ၃၀ ။                       ။ စွန့်ပစ် သစ်ငုတ်၊သစ်ဆွေးများကို အသုံးပြုပြီး ပန်းပုရုပ်တုများအဖြစ် ဖန်တီးပြုလုပ်ပေးနေကြောင်း မွန်ပြည်နယ် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ပန်းပုထုနေသောပညာရှင်များထံမှ သိရသည်။

" ဒီအတိုင်းပစ်ထားတဲ့ သစ်ငုတ်တစ်တုံးကို ၃သိန်းပေးပြီး ပန်းပုရုပ်ထုလိုက်ရင် အနည်းဆုံး ၂၅ သိန်း လောက် တော့ ဈေးကွက်ဝင်သွားတယ်။ ဝယ်သူရဲ့ စိတ်ခံစားချက်(နှစ်သက်မှု)ကိုလိုက်ပြီးတော့ သိန်း ၈၀၊ ၁၀၀ လောက် လည်း တန်ဖိုးက တက်သွားတာ ရှိတယ်"ဟု ပန်းပုထုသက် ၂၈ နှစ်ကျော်ရှိ ပန်းပုပညာရှင် ဦးခင်ဇော်ဦးက ပြောသည်။

အများစုက ပန်းပုရုပ်များကို အလှဆင်ရန် ၀ယ်ယူကြခြင်းဖြစ်ပြီး ပန်းပုထုရာတွင် ပိတောက်၊ ကုက္ကိုလ်သား၊ တမလန်း၊ ကျွန်းသား များကို အဓိက အသုံးပြုကြောင်း သိရသည်။

"ပန်းပုရုပ်တွေကို ငွေကြေးတတ်နိုင်တဲ့သူတွေက သူတို့ရဲ့ ဧည့်ခန်းတွေ၊ ဟိုတယ်တွေ စားသောက်ဆိုင်တွေမှာ အလှဆင်ထားဖို့ ဝယ်ကြတယ်။ အခုဆိုရင် လက်ဘက်ရည်ဆိုင်တွေမှာတောင် ထားလာကြပြီ။ တစ်ချို့ကျတော့ အလှဆင်ထားရင်း ဈေးတည့်ရင် ပြန်ရောင်းကြတယ်။ ပိတောက် ၊ကုက္ကိုလ်၊ သစ်စေး ၊တမလန်း၊ ကျွန်းသစ်သား တွေ ပိုထုရတယ်"ဟု ပန်းပုဆရာ ဦခင်ဇော်ဦးက ဆိုသည်။

သို့ရာတွင် ပန်းပုကုန်ကြမ်းသည် ရှားပါးလာကြောင်း သိရပြီး ကုန်ကြမ်းသယ်ဆောင်ရာတွင် တရားဝင် သယ်ဆောင်ခွင့် မရရှိသည့်အတွက် စွန့်ပစ်သစ်ငုတ်၊ သစ်မြစ်၊ သစ်ပေါက်သစ်ဆွေးများကိုမူ တရားဝင် သယ်ဆောင်ခွင့် ပြုစေလိုကြောင်းကိုလည်း ၎င်းတို့ထံမှ ထပ်ဆင့်သိရသည်။

ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ပြင်ဆင်လိုက်သော ဥပဒေသစ်အရ တရားမ၀င်သစ်ဖမ်းဆီးရာတွင် သစ် ၁ တန်မှ ၃ တန်အထိကို ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ ၆ (၁)အရ လည်းကောင်း၊ ကျွန်းသစ် ၃ တန်နှင့်အထက်ကို အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၃ နှင့် အရေးယူနိုင်သည်။

အဆိုပါ ဦးခင်ဇော်ဦးနှင့်ပန်းပုအဖွဲ့သည် ဖားကန့်၊ ကောလင်း၊ တောင်ကြီး၊ နေပြည်တော်၊ ရန်ကုန်စသည့် ဒေသများတွင် သွားရောက် ပန်းပုထုခဲ့ကြပြီး ယခုအခါ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ငှားရမ်းသူများတို့ထံသို့ အိမ်တိုင်ယာရောက်သွား၍ ငှားရမ်းသူအကြိုက် ပန်းပုရုပ်များကို ထုလုပ်ပေးနေလျက် ရှိကြောင်း သိရသည်။