ဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် စွဲချက်ထပ်တင်

ဖြိုးကိုကိုတင့်ဆန်းကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် စွဲချက်ထပ်တင်
ဖြိုးကိုကိုတင့်ဆန်းပါ (၈)ဦးကို ဒက္ခိဏခရိုင်တရားရုံးသို့ ယနေ့ ဇန်နဝါရီ ၃ရက်၊ နံနက် ၁၁နာရီခွဲတွင် ရုံးထုတ်လာစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

နေပြည်တော်၊ ဇန်နဝါရီ ၁၀ ။               ။ လက်နက်ဥပဒေပုဒ်မ အပါအဝင် စွဲချက်များ တင်ထားခံရသော ဖြိုးကိုကိုတင့်ဆန်းကို ၁၉၃၂ ၊  မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၆ ၊ ၃ ဖြင့် စွဲချက် နှစ်ခု ထပ်မံတင်ခဲ့ကြောင်း သိရသည်။

ဧလာရဲစခန်းနှင့် ဒက္ခိဏသီရိ ရဲစခန်းများမှစွဲချက်တင်ခဲ့ခြင်း ဖြစ်ပြီး ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် ယနေ့ ဇန်နဝါရီ ၁၀ရက်နေ့၊ ဒုတိယ ရုံးချိန်းတွင် စွဲချက် ထပ်မံတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ယခင်စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးမှု ၈ မှု ဖြစ်သည့် လက်နက်ဥပဒေ ပုဒ်မ ၁၉(က)၊ ၁၉(စ)အပါအဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅၊ ၁၆(က)၊ ၂၁၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ပုဒ်မ ၇၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နှင့် ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နှင့် အမှုနှင့်ဆက်စပ်သည့် တရားခံပြေးမှု (၂)မှုအပြင်၊ ယနေ့ ထပ်မံစွဲချက်တင်ခဲ့သော မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၆၃ဖြင့် ၂ မှု ထပ်မံစွဲလိုက်ခြင်းကြောင့် အမှုအားလုံးပေါင်း (၁၂)မှု ရှိပြီဖြစ်သည်။

 ဖြိုးကိုကိုတင့်ဆန်း၏ အမှုများအား ဒက္ခိဏသီရိခရိုင် တရားရုံးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းစစ်ဆေးသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်၊ ည ၇နာရီကျော်အချိန်က MNA လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့နှစ်ဦးတို့၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ သေနတ်များ၊ ကျည်တောင့်များအပါအဝင် မူးယစ်ဆေးဝါးတချို့ကို သိမ်းဆည်းရမိရာမှ ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ Hotel ACE အပါအဝင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်၊ ရုံးခန်းစသည်တို့ကို ဆက်လက် စစ်ဆေးခဲ့ရာ သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly