YBS ၉၁ နှင့် Grand Starex ကားတစ်စီးတိုက် ၊ ၁၈ ဦးထိခိုက်ဒဏ်ရာရ

YBS ၉၁ နှင့် Grand Starex ကားတစ်စီးတိုက် ၊ ၁၈ ဦးထိခိုက်ဒဏ်ရာရ
ဓာတ်ပုံ - ဦးထင်လင်းအောင်

 

ရန်ကုန်၊ ဇန်နဝါရီလ ၈ ။                ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ၁ နံပါတ်မှတ်တိုင်အနီးတွင် YBS ၉၁ ယာဉ်နှင့် Grand Starex ကားတစ်စီး တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ယနေ့ ဇန်နဝါရီလ ၈ ရက်၊ နံနက် ၈ နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သာဓုကန်လမ်းမှ ထွက်လာသည့် Grand Starex ကားနှင့် ထောက်ကြံ့မှ မင်္ဂလာဒုံသို့ ပြည်လမ်းအတိုင်း မောင်းနှင်လာ သော YBS ၉၁ ယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Starex ကားက သာဓုကန်လမ်းထဲက ဖြတ်ထွက်လာတယ်။ ထွက်လာပြီးတော့ ထောက်ကြံ့ဘက်ကို လမ်းသွယ်ကနေ ပြန်ပြီးတော့ ချိုးကွေ့တာပေါ့။ ကွေ့တဲ့အချိန်မှာ ဒဲ့လာတဲ့ YBS ၉၁ နဲ့ဝင်တိုက်တာပေါ့။ ဝင်တိုက် တော့ ကားလေးပေါ်မှာလိုက်လာတဲ့ အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး၊ စုစုပေါင်း လေးဦးကို အင်းစိန်ဆေးရုံကို လူနာတင်ယာဉ်တစ်စီးက ပို့တယ်လို့ ပြောတယ်။ ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာတော့ YBS ပေါ်က လူနာ ၁၄ ဦးကို မေဓါဝီဆေးရုံကို ပို့ပေးခဲ့ပါတယ်”ဟု စခန်းမှူး ဦးထင်လင်းအောင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ လူနာ ၁၈ ဦးအနက် Grand Starex ကားပေါ်မှ အမျိုး သမီးတစ်ဦးသာ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျန်သည့်  ၁၇ ဦးမှာ ပွန်းပဲ့ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ အချို့သာရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူနှစ်ဦး  ထွက်ပြေးခြင်းမရှိကြောင်း ဦးထင်လင်းအောင် ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags