နိုင်ကျဉ်းဟောင်း ပန်းချီဆရာ ဦးစန်းဇော်ထွေး စျာပန အနုပညာနှင့်နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များတက်ရောက်

နိုင်ကျဉ်းဟောင်း ပန်းချီဆရာ ဦးစန်းဇော်ထွေး စျာပန အနုပညာနှင့်နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များတက်ရောက်
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

 

ရန်ကုန်၊ ဇန်နဝါရီလ ၂ ။           ။ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ အသက် ၄၄ နှစ်အရွယ်  Recycle ပန်းချီဆရာ ဦးစန်းဇော်ထွေး ရုပ် အလောင်းအား ယနေ့ ဇန်နဝါရီလ ၂ ရက်၊ ညနေပိုင်း ၄ နာရီအချိန်တွင် ရေးဝေးသုဿန်သို့ ပို့ဆောင် မီးသဂြိုလ်ခဲ့ရာနိုင်ငံရေးနယ်ပယ်နှင့် အနုပညာနယ်ပယ်မှ ထင်ရှားသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

Recycle ပန်းချီဆရာ ဦးစန်းဇော်ထွေးသည် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ နံနက် ၃ နာရီခွဲအချိန် တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်မင်္ဂလာဆောင်မှာ စန်းဇော်ထွေးလက်ဖွဲ့လိုက်တဲ့ သူ့ရဲ့အနုပညာလက်ရာပေါ့နော်။ အဲ့ဒါတွေက ဘဝအတွက်လည်း အမှတ်တရဖြစ်တယ်။ ပြီးတော့ မင်္ဂလာဆောင်အမှတ်တရဆိုတာထက်ကို ကျွန်တော်တို့ ဒီ ရှစ်လေးလုံးအရေးတော်ပုံအတွက် သူတို့ဆိုရင်လည်း ၉၆၊ ၉၈ လှုပ်ရှားခဲ့တဲ့ရဲဘော်တွေ သူတို့အတွက်လည်း အမှတ်တရဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူစုလူဝေးကြီးနဲ့ ကျွန်တော်တို့ ချီတက်နေတဲ့ ကြွေးကြော်နေတဲ့ ပုံကို စက္ကူဖြတ်စတွေနဲ့ ကပ်ပြီးတော့မှ  ဖန်တီးထားတာပေါ့။ သူကလည်း Recycle Artist လေ… ဒီဖြတ်စတွေ စွန့်ပစ်ပစ္စည်းတွေနဲ့ ဒီအနုပညာဖန်တီးတဲ့ပညာရှင်တစ်ယောက်ဖြစ်တယ်။ ကျွန်တော်ကို သူလက်ဖွဲ့ ခဲ့တဲ့ ပစ္စည်းလေးဟာ သူမရှိတော့တဲ့အချိန်မှာ ပိုပြီးတော့ ကျွန်တော်တို့အတွက် တန်ဖိုးထားရတဲ့ ပစ္စည်းလေးဖြစ် တာပေါ့နော် ”ဟု ဦးစန်းဇော်ထွေးနာရေးသို့ လာရောက်ခဲ့သည့် ရှစ်လေးလုံးနိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုကော်မတီမှ ဦးဆောင်ကော်မတီ တာဝန်ခံ ဦးကိုကိုကြီးက ပြောသည်။

ဦးစန်းဇော်ထွေးမှာ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့်အတွက် ၁၉၉၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၃၆ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အင်စိန်ထောင်နှင့် တောင်ငူထောင်တို့တွင် အကျဉ်းကျခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် ၁၃ နှစ် ကျော်နေခဲ့ ပြီးနောက် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။

ဦးစန်းဇော်ထွေးမှာ ထောင်တွင်းအကျဉ်းကျစဉ်အခါက မိသားစုဝင်များ ထောင်ဝင်စာလာတွေ့စဉ်ပေးပို့ခဲ့သည့် ကိတ်မုန့်စက္ကူများ၊ ပလပ်စတစ်အိတ်ခွံများ၊ ဘူးခွံများ၊ ပလူတောင်ပံများစသည့်ဖြင့် အရောင်အသွေးပါသည့် ပစ္စည်းများဖြင့် ပန်းချီးကားများကို ဖန်တီးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly