၃ မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတား ပွဲတော်မစမီ အချိန်မီ ဆောက်လုပ်ပြီးစီးမည်

၃ မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတား ပွဲတော်မစမီ အချိန်မီ ဆောက်လုပ်ပြီးစီးမည်

 

မကွေး၊ ဒီဇင်ဘာ ၂၈ ။                ။ မန်းရွှေစက်တော်ဘုရားသို့ သွားရောက်သည့် ၃ မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတားအား တည်ဆောက်လျှက်ရှိရာ ပွဲတော်မစမီ အချိန်မီ ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

“ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ လှေတင်တံတားက ပွဲတော်မစမီ ပြီးတယ်ဗျ ။ ဇန်နဝါရီ ၁၁ရက်နေ့ ပြီးမှာပါ” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက မဇ္ဈိမသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မန်းရွှေစက်တော်ဘုရားသို့ သွားသည့် ၃ မိုင်လမ်းရှိ မန်းချောင်းဖြတ်ကူး လှေတင်တံတားသည် အရှည်ပေ ၅၀၀ ၊အကျယ်ပေ ၃၀ ၊အမြင့်ပေ ၂၀ ၊ တံတားတိုင်ပေါင်း ၈ တိုင် ပါ ရှိပြီး ဘုရားကြီးဘဏ္ဍာငွေ ကျပ်သန်း ၁၄၀၀ ဖြင့် တံတားတည်ဆောက်ရေး၊အထူးအဖွဲ့(၅)ဆိပ်ဖြူမှ တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရား (၃)မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတား ဆောက်လုပ်ပြီးစီးပါက ရာသီမရွေး ဘုရားဖူးများ လာရောက်နိင်ပြီး၊ဒေသခံ ပြည်သူများ အချိန်မရွေး ဖြတ်သန်းသွားလာနိင်မည်ဖြစ်ပြီး၊ အဆိုပါ တံတားဖြတ်သန်းခ ကောက်ခံရန် အစီအစဉ် မရှိကြောင်းမန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ အရင်နှစ်တွေကလည်း ဘုရားကြီးဘဏ္ဍာငွေနဲ့ ပွဲတော်ရက်မှာ ဒီလှေတင် တံတားကို ယာယီဆောက်တယ်၊ ပြီးတော့ ဂေါပကအဖွဲ့က နီးစပ်ရာကို လေလံပေးတယ်၊ ဘုရားဖူးယာဉ်တွေ ဖြတ်သန်းတဲ့အခါ ဖြတ်သန်းခ ကောက်တယ်၊ ဘုရားပွဲ စည်ကားတဲ့ရက်တွေဆို အကောက်ကြမ်းတယ်၊နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တယ်၊ အခု အရပ်သားဂေါပကအဖွဲ့ လက်ထက်မှာ ဘုရားဘဏ္ဍာငွေနဲ့ ရာသီမရွေး ဖြတ်သန်းလို့ရအောင် ဆောက်တယ်။  ဖြတ်သန်းခ မပေးရဘူးဆိုရင်တော့ ဘုရားဖူး ရဟန်းရှင်၊ပြည်သူတွေ စိတ်ချမ်းသာတာပေါ့ဗျာ” ဟု မင်းဘူးမြို့မှ
လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမြင့်က ပြောသည်။

ထို့ပြင် မန်းရွှေစက်တော်ဘုရား တောင်ပေါ်တောင်အောက် ယခင်ကပြေးဆွဲသည့် လိုက်ထရပ် မော်တော်ယာဉ် များ အစား လာမည့်ပွဲတော်ကာလတွင် မီနီဘတ်စ်များဖြင့် ပြေးဆွဲခွင့် ပြုထားကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly