ရခိုင်မြောက်ပိုင်းသို့ သီတဂူဆရာတော် လာရောက်ပြီး ကျပ် သိန်း ၃ ထောင်အပါအဝင် လှူဒါန်းမှုများပြုလုပ်

ရခိုင်မြောက်ပိုင်းသို့ သီတဂူဆရာတော် လာရောက်ပြီး ကျပ် သိန်း ၃ ထောင်အပါအဝင် လှူဒါန်းမှုများပြုလုပ်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

စစ်တွေ၊ ဒီဇင်ဘာ ၂၇ ရက်။              ။ သီတဂူဆရာတော်ကြီး ဦးဆောင်သည့် သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုအဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရခိုင်မြောက်ပိုင်းကို လာရောက်ခဲ့ပြီး ခရီးစဉ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြီးဆုံးမည်ဟု သိရသည်။

ဆရာတော်ကြီး၏ အဆိုပါ ခရီးစဉ်အတွင်း ရခိုင်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များကို သွားရောက်လျက်ရှိပြီး “ပြန်လည်ထူထောင်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး” များအတွက် လှူဒါန်းမှုများ ပြုလုပ်နိုင်ရန် လာရောက်ခြင်းဖြစ်သည်ဟုလည်း ဆရာတော်ကြီး၏ ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် သီတဂူဆရာတော် ဦးဆောင်သော သာသနာပြုအဖွဲ့အနေနှင့် ရခိုင်မြောက်ပိုင်း၏ မြို့နယ် သုံးခုအတွက် ဆေးရုံးသုံးမော်တော်ယာဉ် (၁) စီး စီ၊ ၃ မြို့အတွက် ၃ စီးနှင့် ကျပ်သိန်း ၁၀၀၀ စီ၊ ၃ မြို့အတွက် သိန်း ၃၀၀၀ တို့အပါအဝင် မောင်တောမြို့ ဆေးရုံ ခွဲစိတ်ခန်းအတွက် သိန်း ၁၀၀၀ တို့ကို လှူဒါန်းခဲ့သလို ပေ ၄၀ ခန့် ရှည်လျားသည့် အဝတ်အစားများပါရှိသည့် ကွန်တီနာ ၁ လုံးစီကို ၃ မြို့အတွက် ၃ လုံးတို့အား အသီးသီး လှူဒါန်းခဲ့သည်ဟုလည်း သိရသည်။

“ ဆရာတော်က တစ်မြို့နယ်ကို သိန်း တစ်ထောင်နှုန်းနဲ့ သိန်း သုံးထောင်လှူခဲ့တယ်။ လူနာတင်ကားနှင့် အဝတ်တွေလည်း လှူဒါန်းခဲ့ပါတယ်။ အဲဒီလှူဒါန်းခဲ့တဲ့ ငွေတွေကို ဆရာတော်ကို ကျန်းမာရေး၊ ပညာရေးနှင့် အဓိက အရေးကြီးတဲ့ နေရာတွေမှာ သုံးဖို့ မှာကြားခဲ့ပါတယ်။” ဟု ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

အဆိုပါ လှူဒါန်းခဲ့သည့် ငွေကြေးများကို သက်ဆိုင်ရာ ဆေးရုံအလိုက် ငွေကြေးစီမံဌာနများမှ ဘဏ်စာရင်းဖွင့်၍ ထိန်းသိမ်းကာ ဆရာတော်၏ ရည်ရွယ်ချက်များအတွက် လိုအပ်သည့် နေရာများတွင် ထုတ်ယူသုံးစွဲသွားမည် ဟုလည်း ဒေါ်ခင်စောဝေ၏ ပြောဆိုချက်အရ သိရသည်။

ယင်းအပြင် သီတဂူဆရာတော် အရှင်ဉာဏိဿရ အနေဖြင့် စစ်တွေမြို့တွင် တရားဟောမည့် အစီစဉ်ပါဝင်ပြီး ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညတွင်စစ်တွေမြို့ (လောကာနန္ဒာစေတီတော်မြတ်ကြီးစေတီတော် ပရိဝုဏ်အတွင်း) ပြုလုပ်မည်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly