နိုင်ငံတော်အဆင့် တိရစ္ဆာန်စာရင်း ကောက်ယူမည်

နိုင်ငံတော်အဆင့် တိရစ္ဆာန်စာရင်း ကောက်ယူမည်
ဓာတ်ပုံ-တင်ရွှေ(မင်းဘူး)

စစ်တွေ၊ ဒီဇင်ဘာ ၂၂ ရက်။          ။  မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ကြက်နဲ့ ခွေး စတဲ့ တိရိစ္ဆာန်စာရင်းတွေကို လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံတော်အဆင့် စာရင်းကောက်ယူသွားမယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြောပါတယ်။

စာရင်းကောက်ယူမှုကို ဇန်နဝါရီ တစ်လအတွင်း အပြီးကောက်ယူသွားမှာ ဖြစ်သလို တစ်နှစ်အတွင်း ဘယ်လောက် တိုးပွားလာသလဲ၊ ဘယ်လောက် ပမာဏကို ပြည်တွင်းမှာသုံးပြီး ပြည်ပကို တင်ပို့မလဲ စတာတွေကို သိနိုင်ဖို့ ကောက်ယူတာလို့ ဆိုပါတယ်။

ဒါ့အပြင် စီပွားရေးအရ ကျပ်တည်းမှုရှိတဲ့ ဒေသတွေမှာ လိုအပ်သလို ဖြည့်ဆည်းပေးဖို့ ရနိုင်အောင် ရည်ရွယ်ပြီး စာရင်းကောက်ယူရတာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ်၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန စစ်တွေ မြို့နယ်ဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောပါတယ်။

စာရင်းကောက်ယူရာမှာ ရပ်ကွက်ကျေးရွာအသီးသီးက အိမ်ခြေစာရင်းတွေကို ကောက်ယူပြီး သက်ဆိုင်ရာ ဒေသက လူငယ်တွေကို သင်တန်းပေးဦးမှာ ဖြစ်ပါတယ်။

ကျေးရွာတစ်ရွာမှာ သင်တန်းသား ၂ ဦးနှုန်းနဲ့ ကောက်ယူသွားမှာဖြစ်ပြီး သင်တန်းသားတွေအတွက် ကုန်ကျစရိတ်ကို ကမ္ဘာစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)  က အကုန်ကျခံတာလည်းဖြစ်ပါတယ်။

ဒီလိုစာရင်းကောက်ယူမှုကို ကိုလိုနီခေတ် (မြန်မာနိုင်ငံကို အင်္ဂလိပ်များ အုပ်ချူပ်တုန်းက) လက်ထက်က တစ်ခါ ပြုလုပ်ခဲ့ပြီး နှစ်အတော်ကြာ စာရင်းကောက်ယူမှုကို ရပ်နားခဲ့တာဖြစ်သလို ယခုနှစ်မှ နိုင်ငံတော်အဆင့် ပြန်လည်စတင်ကောက်ယူတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူတဲ့အခါမှာအကြမ်းဖက်မှုတွေ ဖြစ်ပွားသွားတဲ့ ဘူးသီးတောင်၊ မောင်တောတွေဒေသတွေကို ထည့်သွင်းကောက်ယူသွားမှာ မဟုတ်ဘူးလို့လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly