ခြေတုတပ်ပြီး ဘဝသစ် ပြန်စနေပြီ ဖြစ်တဲ့ ထိုင်းနိုင်ငံက ခွေးလေး ကိုလာ

ခြေတုတပ်ပြီး ဘဝသစ် ပြန်စနေပြီ ဖြစ်တဲ့ ထိုင်းနိုင်ငံက ခွေးလေး ကိုလာ

ဒီဇင်ဘာ ၁၃ ။          ။ ထိုင်းနိုင်ငံက ကိုလာလို့ နာမည်ပေးထားတဲ့ လမ်းဘေးခွေးလေးတစ်ကောင်ဟာ ယမန်နှစ်တုန်းက ကံဆိုးစွာနဲ့ပဲ သူ့ ရှေ့ခြေနှစ်ချောင်းစလုံးကို ဆုံးရှုံးထားခဲ့ရပါတယ်။ ခွေးလေး ကိုလာဟာ အဲဒီတုန်းက ဘန်ကောက်မြို့က လမ်းတွေမှာ လျှောက်သွားနေခဲ့ရင်း တွေ့တဲ့ ဖိနပ်တစ်ရံကို ကိုက်ဖြတ်ခဲ့မိပါတယ်။ ဖိနပ်ပိုင်ရှင် သိသွားတော့ ကိုလာရဲ့ ရှေ့ခြေနှစ်ချောင်းစလုံးကို ရက်ရက်စက်စက် ဓားနဲ့ ခုတ်ဖြတ်ပစ်ခဲ့ပါတော့တယ်။ အဲဒီလို ခြေထောက်တွေ အဖြတ်ခံရပြီးပြီးချင်း ကိုလာဟာ ဘဝပျက်မလို ဖြစ်ခဲ့ရပါတယ်။

ယခုအခါမှာတော့ တုံးတိတိဖြစ်နေခဲ့တဲ့ ရှေ့ခြေနှစ်ချောင်းစလုံးမှာ ခြေတု ကိုယ်စီ တပ်ထားတဲ့ ခွေးလေး ကိုလာ ဟာ ဖူးခက်ကမ်းခြေမှာ ပျော်ရွှင်စွာ မြူးတူးခုန်ပေါက်ကစားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြတ်နေတဲ့ ရှေ့ခြေနှစ်ချောင်းမှာတော့ မသန်စွမ်းအားကစားသမားတွေ တပ်တဲ့ ခြေတုပုံစံနဲ့ တူတဲ့ အထူးခြေတု တစ်စုံ တပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

" ဒီခြေတုတွေက သူ့ကို တော်တော်လေး ဟန်ချက်ငြိမ်သွားစေပါတယ်၊ အရင်ကလို မြန်မြန်ဆန်ဆန် ပြန်ပြီး သွားလာနိုင်နေပါပြီး" ဆိုပြီး ကိုလာရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂျွန် ဒယ်လေက ပြောပါတယ်။ ဒယ်လေကတော့ လမ်းဘေးခွေးတွေကို ခေါ်ယူစောင့်ရှောက်နေတဲ့ 'Soi Dog' အမည်ရ တိရိစ္ဆာန်ကယ်ဆယ်ရေး ဖောင်ဒေးရှင်းကို ထူထောင်ထားသူ ဖြစ်ပါတယ်။

ဒယ်လေ နဲ့ ၎င်းရဲ့ ဇနီးတို့ဟာ ကိုလာကို ကယ်တင်ခဲ့ပြီး ဖူးခက်ကမ်းခြေဆီ ခေါ်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခွေးလေးအတွက် အထူးခြေတုတစ်စုံကိုပါ ဖန်တီးတပ်ဆင်ပေးခဲ့ပါတယ်။

ယခုအခါမှာတော့ လျှာတန်းလန်း အမြီးတစ်ရမ်းရမ်းနဲ့ ခုန်ပေါက်ပြေးလွှားနေနိုင်ပြီဖြစ်တဲ့ ခွေးလေး ကိုလာကို ဖူးခက်ကမ်းခြေမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly