အမေရိကန်တို့ကို လကမ္ဘာပေါ်သို့စေလွှတ်ရန် နာဆာအဖွဲ့အား ဒေါ်နယ်ထရမ့်ညွှန်ကြား

အမေရိကန်တို့ကို လကမ္ဘာပေါ်သို့စေလွှတ်ရန် နာဆာအဖွဲ့အား ဒေါ်နယ်ထရမ့်ညွှန်ကြား

၀ါရှင်တန်၊ အမေရိကန်၊ ဒီဇင်ဘာ ၁၂ ။           ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်သို့ အမေရိကန်တို့ကို ပြန်လည်စေလွှတ်ပေးရန် အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နာဆာအဖွဲ့အား တနင်္လာနေ့ကညွှန်ကြားခဲ့ပြီး အနာဂတ်တွင် မားစ်ဂြိုလ်သို့ သွားရောက်ဖို့ပြင်ဆင်ရာ၌လည်း ထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့သည်။

“ဒီတစ်ကြိမ်သွားရင်တော့ ကျနော်တို့ရဲ့ နိုင်ငံအလံကိုစိုက်ထူပြီး ခြေရာလေးတွေပဲကျန်ခဲ့အောင် လုပ်မှာမဟုတ် ပါဘူး” ဟု ထရမ့်က ညွှန်ကြားအချက်အသစ်ကို အိမ်ဖြူတော်၌ လက်မှတ်ရေးထိုးစဉ်၌ ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ မားစ်ဂြိုလ်ပေါ်ကိုသွားရောက်နိုင်ဖို့နဲ့ တစ်နေ့နေ့မှာ ဒီစကြာဝဠာထဲမှာရှိတဲ့ နောက်ထပ်ကမ္ဘာ တွေအထိ သွားရောက်နိုင်မယ့် အခြေခံအုတ်မြစ်တစ်ခုကို ထူထောင်သွားမှာဖြစ်ပါတယ်” ဟု သူက ပြောခဲ့ သည်။

အမေရိကန်အာကာသယာဉ်မှူးများသည် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များက အပိုလိုမစ်ရှင်နှင့်အတူ လကမ္ဘာပေါ်သို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင် နောက်ထပ်သွားရောက်ရန် ကြိုးပမ်းခြင်းမရှိတော့ကြောင်း သိရသည်။

၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အမေရိကန်အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်းသည် လကမ္ဘာ ပေါ်၌ ပထမဦးဆုံး ခြေချနိုင်သည့် လူသားတစ်ဦးဖြစ်လာခဲ့သည်။

ထရမ့်၏ ညွှန်ကြားချက်အသစ်အရ ၄င်းတို့သည် အာကာသလေ့လာရေးနှင့် ရှာဖွေရေးအစီအစဉ်ကို ပြန်လည် အာရုံစိုက်သွားမည်ဖြစ်ပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အမေရိကန်အာကာသယာဉ်မှူး များကို လကမ္ဘာပေါ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အိမ်ဖြူတော်၏ထုတ်ပြန်ချက်ထဲ၌ အမေရိကန်တို့သည် အခြားနိုင်ငံများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပြီး အာကာသယာဉ်မှူးများကို လကမ္ဘာပေါ်သို့ပို့ဆောင်ကာ ထို့နောက်တွင် နည်းပညာမြှင့်တင်ပြီး မားစ်ဂြိုလ်နှင့် နေစကြာဝဠာထဲမှ အခြားသောပန်းတိုင်များသို့ သွားရောက်လေ့လာနိုင်ရန် ကြိုးပမ်းမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ဂြိုလ်နီကြီးဟုလည်းခေါ်ဝေါ်သော မားစ်ဂြိုလ်ပေါ်သို့ လူသားများစေလွှတ်ရေးသည် အမေရိကန်၏ နှစ်ပေါင်းများ စွာကြာ ဆုပ်ကိုင်ထားသည့် ရည်မှန်းချက်ဖြစ်သည်။ မားစ်ဂြိုလ်ပေါ်သို့ လူသားများကိုယ်တိုင် သွားရောက် လေ့လာမည့် ခရီးစဉ်ကို လာမည့် ၂၀၃၀ ခုနှစ်များထဲ၌ စတင်သွားရန် စီစဉ်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly