လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

.

 

ကဲ ဒီကနေ့တော့ လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာခေါင်းစဉ်အောက်မှာပဲ ဗဟုသုတယူဖွယ် စာပေနဲ့ဘာသာစကား လူမျိုးချင်း ကူးယှက်ပေါင်းစပ်မိကြတဲ့အကြောင်း ပြောပြချင်ပါတယ်။

ကမ္ဘာကြီးပေါ်မှာရှိတဲ့ လူမျိုးအသီးသီးဟာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကား ရှိကြတာ အလားလုံးအသိပါပဲ။ မြန်မာမှာ မြန်မာစာနဲ့ မြန်မာစကား ကိုယ်ပိုင်ရှိသလို ထိုင်းလူမျိုးတွေမှာလည်း ထိုင်းစာ ထိုင်းစကား ကိုယ်ပိုင်ရှိကြတာပါပဲ။

ဒါပေမယ့် အခြေအနေအရပ်ရပ်ကတွန်းပို့လို့ လူမျိုးတစ်ခုနဲ့တစ်ခု ဘာသာစကား ရောယှက်မိသွားတာမျိုးတွေလည်းရှိပါတယ်။ ဥပမာ မော်တော်ကား ဆိုတဲ့စကားလုံးဆိုပါတော့။ ဒီစကားလုံးက မြန်မာတွေရဲ့ကိုယ်ပိုင်စကားလုံးမဟုတ်ပါဘူး။ အင်္ဂလိပ်စကားလုံးအသံထွက်ဖြစ်ပါတယ်။ ဒါကို မြန်မာတွေက ယူသုံးရင်းက ကိုယ်ပိုင်စကားလုံးအနေနဲ့မွေးစားယူထားလိုက်တဲ့ စကားလုံးပါ။ ဘာကြောင့်လည်းဆိုတော့ မော်တော်ကား ဆိုတဲ့ စက်တပ်ဆင်ထားတဲ့ ဘီးလေးဘီးပါပြီး လူစီးလို့ရတဲ့အရာကို ခေါ်ဝေါ်သုံးစွဲတဲ့စကားလုံးက မြန်မာတွေမှ အစကတည်းက မရှိပါဘူး။ အင်္ဂလိပ်လူမျိုးတွေ တီထွင်အသုံးပြထားတဲ့ စကားလုံးပါပဲ။ ကိုယ့် ကိုယ်ပိုင်တီထွင်ထားတာလည်းမရှိပြန် သူများစကားလုံးကိုပဲ ဆက်လက်ခေါ်ဝေါ်သုံးစွဲလက်စလည်းရှိပြန်ဆိုတော့ အဲဒီ သူများစကားလုံးကိုပဲ ကိုယ်ပိုင်စကားလုံးအသစ်မထွင်တော့ဘဲ ဒီအတိုင်းပဲ သုံးစွဲလိုက်ကြလို့ မွေးစားစကားလုံးဖြစ်လာတဲ့သဘောပါပဲ။

ကဲ။  အံ့သြရလောက်အောင် ကိုယ့်ကိုယ်ပိုင်စကားလုံးမဟုတ်တာတချို့ ကျနော် ပြောကြည့်ပါမယ်။

“လုံခြည်။ ပိုက်ဆံ။ အာလူး၊ ဂေါ်ဖီ။ ပလာတာ။ နံပြား။” ဒီစကားလုံးတွေဟာ မြန်မာစကားလုံးတွေမဟုတ်ဘူးလို့ပြောရင် အခု အသက် သုံးလေးဆယ်သာရှိသေးသူအားလုံး အံ့သြသွားကြမလားပဲ။ ဟုတ်ပါတယ်။ အဲဒီအသံထွက်စကားလုံးတွေဟာ မြန်မာတွေရဲ့ကိုယ်ပိုင်စကားလုံးတွေမဟုတ်ပါဘူး။ အိန္ဒိယနဲ့ အာရဗီစကားကနေ ကူးစက်လာတဲ့ တပါးတခြားသောလူမျိုးတွေရဲ့စကားလုံးတွေပါပဲ။ ရိုင်းပေမယ့်လည်း နားယဉ်နေတဲ့စကားနဲ့ပြောရရင် “ကုလား” တွေရဲ့စကားလုံးတွေပါပဲ။

ဒီစကားလုံးတွေဟာ မြန်မာစကားထဲ ဘယ်အချိန်ကတည်းကရောက်နေတာလည်း။ ဘယ်သူက စတင်သုံးစွဲခဲ့တာလည်း။ စိတ်ဝင်စားဖို့တကယ်ကောင်းပါတယ်။

ဒါက ယျေဘုယျအားဖြင့် ကောက်ချက်ဆွဲရရင် ယဉ်ကျေးမှုမြင့်မားပြီး အင်အားကြီးတဲ့လူမျိုးတွေရဲ့ယဉ်ကျေးမှုဟာ သူ့ထက် အင်အားငယ်ပြီး ယဉ်ကျေးမှုမြင့်တဲ့နိမ့်တဲ့ ပါးလျတဲ့ လူမျိုးတွေအပေါ် ကူးစက်လာခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ စကားလုံးတွေပါပဲ။ ဒါက ယေဘုယျသဘောပြောတာပါ။ တချို့စကားလုံးတွေကြတော့ ကိုယ့်ထက်ယဉ်ကျေးမှုငယ် ကိုယ့်ထက်အင်အားနည်းပေမယ့် လူမျိုးကြီးအပေါ်ကူးစက်လာတာမျိုးလည်း ရှိပါတယ်။ ဥပမာ တာလပေါဟင်း ဆိုတဲ့စကားလုံးဟာ ကရင်လူမျိုးရဲ့စကားလုံးပါပဲ။ ဒါကို မြန်မာတွေက ယူငင်သုံးစွဲလိုက်တဲ့သဘောပါပဲ။

ဒီနေရာမှာ ကျနော်အသုံးပြုခဲ့တဲ့ လူမျိုးကြီးလူမျိုးငယ်ဆိုတဲ့စကားလုံးတွေဟာ လူမျိုးအချင်းချင်း နှိုင်းယှဉ်စဉ်းစားနိုင်ဖို့သာ သုံးစွဲလိုက်တာပါ။ ချိုးနှိမ်လိုတဲ့သဘော၊ အထင်သေး အထင်ကြီးလိုတဲ့သဘော အလျဉ်းမဟုတ်ကြောင်းတော့ ကြားညှပ်ပြီး ရှင်းပြလိုက်ပါတယ်။

ကောင်းပြီ။ ကမ္ဘာကျော် ဥရောပသီချင်းတချို့ကို ကမ္ဘာအရပ်ရပ်က လူမျိုး အတော်များများက ကိုယ့်စာသားသွင်းပြီး သူတို့မူရင်းသံစဉ်ကိုပဲအသုံးပြုသီဆိုကြတာမျိုးလည်း ရှိပါတယ်။ မြန်မာ့ဂီတနယ်ပယ်မှာတော့ အဲဒီလိုသီချင်းတွေကို ကော်ပီသီချင်းတွေလို့ပဲ သုံးစွဲခေါ်ပြောကြပါတယ်။ ဒီနေရာမှာ ကော်ပီ ဆိုတဲ့စကားလုံးကိုယ်တိုင်က မြန်မာစကားမဟုတ်ဘူးဆိုတာ သတိပြုကြည့်ရင် သိကြရမှာပါ။

ဒီလိုပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့လူမျိုးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ယဉ်ကျေးမှုခြင်း ကူးလူးဆက်ဆံကြ ဖလှယ်နေကြရတာပါပဲ။ လူမျိုးခြားစကား လူမျိုးခြားယဉ်ကျေးမှုကို ကိုယ့်လူမျိုးအတွက် သင့်တော်အောင်ပြုပြင်သုံးစွဲကြတာမျိုးလည်း ရှိတာပါပဲ။ ဥပမာ မဏ္ဍပ် ဆိုတဲ့စကားလုံးဟာ မြန်မာစကားမဟုတ်ဘူးလို့ပြောရင် လူအတော်များများအဖို့ အံ့အားသင့်သွားကြမယ်ထင်ပါတယ်။  ဒါလည်း အိန္ဒိယဘက်ကရောက်လာတဲ့စကားလုံးပါပဲ။ အချိန်ကြာလာတဲ့အခါကြတော့ မြန်မာတွေဟာ ကိုယ့်ကိုယ်ပိုင်စကားလုံးအဖြစ်ယူဆလာကြပြီး တကယ်လည်း ကိုယ်ပိုင်စကားလုံးဖြစ်လာကြရတဲ့သဘောပါပဲ။

ဒီနေရာမှာ အင်အားကြီး လူမျိုးကြီးနှစ်ခုကြားမှာရောက်နေတဲ့ ကျနော်တို့မြန်မာနိုင်ငံအနေနဲ့ အထူးသတိထားရမယ့်အချက်က အဲဒီလူမျိုးကြီးနှစ်ခုဖြစ်တဲ့ တရုပ်နဲ့အိန္ဒိယလူမျိုးနှစ်ခုရဲ့ယဉ်ကျေးမှုတွေ ကိုယ့်လူမျိုးအပေါ် လုံးဝမလွှမ်းမိုးမသွားရလေအောင်တော့ အထူးသတိထားဆက်ဆံကြရမှာဖြစ်တယ်ဆိုတဲ့ အင်အတန်အရေးကြီးတဲ့အချက်ပါပဲ။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာပေနဲ့စကားအပေါ်သစ္စာရှိကြ တန်ဘိုးထားကြရမှာဖြစ်ပြီး သူများယဉ်ကျေးမှုကို မဖြစ်မနေယူရရင်လည်း ကိုယ့်အတွက် အမှန်တကယ်အကျိုးရှိမှ ယူကြရမှာပါ။ ကိုယ့်အမျိုးသားယဉ်ကျေးမှုတွေနဲ့ ကိုယ့်ဘာသားစကားကိုယ့်စာပေကို အထင်သေးပေါ့ပေါ့တန်တန်သဘောထားပြီး လူမျိုးခြားယဉ်ကျေးမှုကို အထင်ကြီးတဲ့ ခတ်ညံ့ညံ့စိတ်အခံနဲ့ တခြားလူမျိုးစကား စာပေကိုလက်ခံကြမယ်ဆိုရင် ကျနော်တို့လူမျိုးဟာ နောင်အခါ လူမျိုးခြားယဉ်ကျေးမှုလုံးဝလွှမ်းခံလိုက်ကြရမယ့် လူမျိုးပျောက်စာရင်းဝင်ဖြစ်သွားနိုင်ပါတယ်။

တဖက်ကပြန်ကြည့်ရင်လည်း ယဉ်ကျေးမှုဖလှယ်တဲ့အလုပ်ဟာ သတိကြီးစွာထား မဖြစ်မနေလုပ်ကြရမယ့်အလုပ်လည်းဖြစ်နေပြန်ပါတယ်။ ဒါမှ ကျနော်တို့လူမျိုးဟာ ကမ္ဘာ့ယဉ်ကျေးမှုရေချိန်နဲ့ ကိုက်ညီပြီး  ခေတ်မီတဲ့လူမျိုး ခေတ်မီတဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုချင်းဖလှယ်တဲ့အခါ ကိုယ်ပိုင်ဝိသေသတွေကို မထိခိုက်ရလေအောင် အထူးသတိထားကြရမှာပါပဲ။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။ လူငယ်များ ယဉ်ကျေးမှုထိန်းသိမ်း ယဉ်ကျေးမှုမြင့်မားအောင်ဆောင်ရွက်နိုင်တဲ့လူငယ်များဖြစ်ကြပါစေ။