ယီမင်မြို့တော်၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် သေဆုံးသူ ၂၃၄ဦးအထိမြင့်တက်

ယီမင်မြို့တော်၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် သေဆုံးသူ ၂၃၄ဦးအထိမြင့်တက်

ဆာနား၊ ဒီဇင်ဘာ ၆ ။               ။ ယီမင်နိုင်ငံမြို့တော်ဖြစ်သော ဆာနားမြို့၌ ဟွတ်သီသူပုန်များနှင့် အသတ်ခံခဲ့ရသော ယီမင်သမ္မတဟောင်း အပေါ်သစ္စာခံသည့် တပ်ဖွဲ့များကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် လူပေါင်း ၂၃၄ ဦးထက်မနည်း သေဆုံးခဲ့ ပြီး ၄၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအဖွဲ့က ပြီးခဲ့သောအင်္ဂါနေ့၌ ပြောကြားခဲ့သည်။

ပြီးခဲ့သောတနင်္လာနေ့က အသတ်ခံခဲ့ရသည့် သမ္မတဟောင်း အလီအက်ဘ်ဒူလာဆာလားသည် ဆော်ဒီအာရေဗျမှ ရပ်ခံပေးထားသော နိုင်ငံတကာအသိအမှတ်ပြု အစိုးရအဖွဲ့နှင့် အင်အားချင်းယှဉ်နိုင်ရန် ဟွတ်သီသူပုန်များနှင့် မဟာမိတ်ဖွဲ့ခဲ့ဖူးပြီး နောက်ပိုင်းတွင် လက်တွဲဖြုတ်ခဲ့ရာမှ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ဟွတ်သီသူပုန်များသည် လက်ရှိအချိန်တွင် မြို့တော်ဆာနားအား ထိန်းချုပ်ထားပြီး ငါးရက်ကျော်ကြာဖြစ်ပွား နေသော တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်   မြို့သည်တိတ်ဆိတ်ငြိမ်သက်နေကာ မြို့ခံများ သည် ၄င်းတို့၏နေအိမ်အတွင်း၌ ပိတ်မိနေကြသည်။

အာရပ်အဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ်ဖြစ်သူ အာမက်အဘူလ်ဂီယက်က သမ္မတဟောင်းဆာလား အသတ်ခံခဲ့ရ မှုအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဟွတ်သီသူပုန်များသည် မြို့သူမြို့သားများကို သေနတ်နှင့်အုပ်ချုပ်နေသော အကြမ်းဖက်အဖွဲ့ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“ဒီလိုနည်းနဲ့ ဆာလားလုပ်ကြံခံခဲ့ရတာကို ကြည့်ခြင်းအားဖြင့် ဒီဟွတ်သီသူပုန်တွေဟာ လူမဆန်တဲ့စရိုက်ရှိတဲ့ ရာဇဝတ်ကောင်တွေဖြစ်ပြီး ယီမင်နိုင်ငံကြီး ပျက်စီးယိုယွင်းအောင် အဓိကလုပ်ဆောင်နေသူတွေ ဖြစ်တယ် ဆိုတာ ပေါ်လွင်နေပါတယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂမှ ယီမင်နိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအရာရှိဖြစ်သူ ဂျေမီမက်ဂိုးလ်ဒရစ်က စစ်မက်ဖြစ် ပွားနေသည့် အဖွဲ့များအားလုံးအား လူသားချင်းစာနာထောက်ထားသောအားဖြင့် တိုက်ပွဲများကိုရပ်တန့်ပေးရန် အင်္ဂါနေ့က တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly