အိန္ဒိယဆေးရုံများကို မိတ်ဆက်သည့် ကျန်းမာရေးဟောပြောပွဲပြုလုပ်

အိန္ဒိယဆေးရုံများကို မိတ်ဆက်သည့် ကျန်းမာရေးဟောပြောပွဲပြုလုပ်

ရန်ကုန်၊နိုဝင်ဘာ၂၄ ။           ။ အိန္ဒိယနိုင်ငံမှ ဆေးရုံများအား မြန်မာပြည်သူများနှင့် မိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင်  နှစ်ရက်တာကျင်းပလျှက်သည်။

အဆိုပါဟောပြောပွဲတွင် အဓိကအားဖြင့် အသည်းရောဂါဖြစ်ပွားစေသည့်အချက်များ၊ ကုသမှုနှင့်ကာကွယ်မှု၊ ကျောက်ကပ်နှင့် အသည်းအစားထိုးကုသမှုများအကြောင်း ဟောပြောမည်ဖြစ်သည်။

ယနေ့နိုဝင်ဘာ၂၄ရက်နှင့် နိုဝင်ဘာ၂၅ရက်နေ့များတွင် ကျင်းပနေပြီး အိန္ဒိယနိုင်ငံရှိ ဆေးရုံ(၄)ခုမှ ဆရာဝန်ကြီး(၄)ယောက်က ဟောပြောမည်ဖြစ်သည်။

”ဒီလိုဟောပြောပွဲလုပ်ရတာက အိန္ဒိယဆေးရုံတွေကို မြန်မာနိုင်ငံသားတွေအတွက် မိတ်ဆက်ပေးဖို့ဖြစ်ပါတယ်။ အိန္ဒိယဆေးရုံတွေက သင့်တော်တဲ့စျေးနူန်းတွေနဲ့ ကမ္ဘာမှာအကောင်းဆုံးဖြစ်ပါတယ်။ မကြာသေးခင်က အိန္ဒိယဝန်ကြီးချုပ်မိုဒီ မြန်မာပြည်လာလည်တုန်းက မြန်မာနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်ကြေငြာခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံကလူနာတွေနဲ့ ကျန်းမာပြီးသားလူတွေ အိန္ဒိယကိုလာပြီး ဗုဒ္ဓဂါယာကို လာလည်လို့ရသလို ဆေးကုသမှုတွေလည်း ခံယူနိုင်ပါပြီ”ဟု ယခုပွဲကို စီစဉ်သူတစ်ဦးဖြစ်သည့် 4 R Consulatancy ကုမ္ပဏီ၏ အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ Ravindra Jain က ပြောသည်။

အဆိုပါ ကျန်းမာရေးဟောပြောပွဲတွင် အသည်းရောဂါအကြောင်းနှင့် အစားထိုးကုသမှုများအကြောင်းအား ဒေါက်တာ Abhideep Chaudhary နှင့် ဒေါက်တာ Narash Sanmugam တို့က ဟောပြောမည်ဖြစ်သည်။

“ဒီမှာတော့ အသည်းရောဂါနဲ့ပတ်သတ်ပြီး ဘယ်လိုဖြစ်လာတယ်။ဘယ်လို ကုသမလဲ ကာကွယ်မလဲဆိုတာနဲ့ပတ်သတ်ပြီး ပြောခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ အသည်းရောဂါဖြစ်ပွားစေနိုင်တဲ့ အဓိကအကြောင်းတွေကို ပြောပါတယ်။ ဘာကြောင့်လူတွေ ဒီရောဂါကိုခံစားနေရတယ်။ အသည်းရောဂါဖြစ်စေတဲ့ အဓိကအမျိုးအစားတွေဖြစ်တဲ့ အရက်ကြောင့်ဖြစ်တာ သေစေနိုင်တဲ့အသည်းရောဂါအကြောင်း ပြောခဲ့ပါတယ်”ဟု Jaypee ဆေးရုံ၏ အကြီးတန်းပါရကူ ဒေါက်တာ Abhideep Chaudhary က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေတဲ့ အသည်းရောဂါများသည် လူသေစေနိုင်သည့် အကြောင်းအရင်းများဖြစ်သည်ဟု ဒေါက်တာ Abhideep Chaudhary က ဆိုသည်။

ယခုဟောပြောပွဲတွင် အိန္ဒိယဆေးရုံများသို့ လာရောက်ကုသလိုသူများအတွက် အခမဲ့ဆွေးနွေးပေးခဲ့သည်။

“အမေကအသည်းနည်းနည်းခြောက်နေတယ်လို့ပြောလို့လေ ။အဲဒါကြောင့်ဒီမှာအစားထိုးရင်လည်းထိုးလို့ရတယ်လို့ပြောလိုက်လို့ အဲဒါကြောင့်”ဟု လာရောက်ဆွေးနွေးခဲ့သည့် မစိုးသန္တာလှိုင်ကပြောသည်။

၄င်းဟောပြောပွဲအား မနက်၁၀နာရီမှ ၁၁နာရီအထိ တစ်ပိုင်း၊ ၁၁နာရီမှ ၁၂နာရီအထိတစ်ပိုင်းစီ ပြုလုပ်ခဲ့ပြီး ၂နာရီမှ ၄နာရီအထိ ဆရာဝန်များနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly