YBS၁၄၏ မူလလစ်လပ်လမ်းကြောင်းနေရာ ယာဉ်လိုင်းအစားထိုးပေးရန် YRTAထံတင်ပြထား

YBS၁၄၏ မူလလစ်လပ်လမ်းကြောင်းနေရာ ယာဉ်လိုင်းအစားထိုးပေးရန် YRTAထံတင်ပြထား

 

ရန်ကုန်၊နိုဝင်ဘာ၂၃ ။           ။ YBS ၁၄၏ မူလလမ်းကြောင်းနေရာတွင် ယာဉ်လိုင်းတစ်ခု အစားထိုးပြေးဆွဲပေးရန် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) ထံတင်ပြထားပြီးဖြစ်ကြောင်း YBS၁၄အား တာဝန်ယူလုပ်ကိုင်နေသည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ စီမံခန့်ခွဲရေးဒါရိုက်တာ ဦးမျိုးမြင့်ကပြောပြသည်။

YBS၁၄သည် နိုဝင်ဘာ ၁၇ရက်မှစတင်ကာ ဘတ်စ်ကားအသစ်များဖြင့် ပြေးဆွဲခဲ့ပြီး မူလလမ်းကြောင်းကိုပါ ပြောင်းလဲခဲ့သည်။

မူလလမ်းကြောင်းဖြစ်သည့် သခင်မြပန်းခြံ ဂိတ်မှစတင်ကာ ဘေလီမှ မြောက်ဒဂုံကြိုးတံတားသို့ ပြေးဆွဲမပေးတော့ဘဲ ဘေလီမှ ပါရမီကားဝင်းသို့ ပြေးဆွဲနေခြင်းဖြစ်သည်။

ထို့အပြင် မြောက်ဒဂုံကြိုးတံတားအနီးရှိ ဘတ်စ်ကားဂိတ်ကိုပါ ပါရမီကားဝင်းသို့ပြောင်းရွေ့ခဲ့သည်။

"အဲဒါက YBSကို တင်ပြထားပြီးသား YRTAကနေပြီးတော့ အဲဒီနေရာမှာ အစားထိုးပါလိမ့်မယ်။ အဘတို့မှာမြေပိုင်မရှိဘူး။ မြေပိုင်မရှိတဲ့အတွက် ဘာမှမလုပ်ပါဘူး တင်ပြထားပါတယ်"ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေး၏ စီမံခန့်ခွဲရေးမန်နေဂျာ ဦးမျိုးမြင့်က ပြောပြသည်။

YBS၁၄၏ မူလဂိတ်ဖြစ်သည့် မြောက်ဒဂုံကြိုးတံတားအနီးတွင် ယခင်က YBS၁၄ ဘတ်စ်ကားများအား ညအချိန်တွင် ခဲများဖြင့် ပစ်ပေါက်ကာ မှန်များရိုက်ခွဲခြင်း စသဖြင့် ဖျက်ဆီးမှုများရှိခဲ့သည်။

ယခုကဲ့သို့လမ်းကြောင်းပြောင်းလဲလိုက်ခြင်းမှာ ဘတ်စ်ကားအသစ်များအတွက် လမ်းကျဉ်းမြောင်းခြင်း၊ သစ်ကိုင်း ဓာတ်ကြိုးများဖြင့်မလွှတ်ခြင်း၊ ဗန္ဓုလကုမ္ပဏီပိုင်မြေ မဟုတ်ဘဲ   ပြည်သူပိုင်နေရာဖြစ်နေခြင်း၊ စျေးသည်များ၊ ဆိုင်ခန်းများကြောင့် လမ်းပိတ်ဆို့ခြင်း စသည့် ပြဿနာများကြောင့်ဖြစ်သည်။

"ဘယ်လိုင်းပဲဖြစ်ဖြစ် သိပ်ကားကြီးမဟုတ်ရင်တောင်မှ ကားလတ်ကလေးဖြစ်ဖြစ် ဆွဲပေးနိုင်ရင်ကောင်းတာပေါ့ ။ ခရီးသွားရေးလာရေးကျတော့ အဲဒီဘက်ကအတွင်း လမ်းကြောဆိုတော့ ကျောင်းတွေ ဘာတွေသွားတာ အဆင်ပြေကြတာလေ"ဟု YBS ၁၄အား စီးနင်းနေကျဖြစ်သည့် မြောက်ဒဂုံ ၅၁ ရပ်ကွက်တွင်နေထိုင်သူ ဦးတင်ရွှေကဆိုသည်။

ယခုကိစ္စနှင့်ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA)၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်အောင်အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၄င်းအားမီဒီယာဖြေဆိုခွင့်ပိတ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

"ငါကလောလောဆယ် ဖြေလို့မရတော့ဘူး။ အဲဒီလိုဖြစ်နေတာ ဖြေလို့ရတဲ့ အချိန်ကျပြောမယ်နော်"ဟု ဒေါက်တာမောင်အောင်မှဆိုသည်။

YRTAနှင့်ပတ်သက်၍ သိလိုသည်များရှိပါက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်အား မေးမြန်းနိုင်ကြောင်း ပြောသည်။

လက်ရှိတွင် YBS၁၄မှ ဘတ်စ်ကားအသစ်များဖြင့် ပါရမီ-ဘေလီ-မြင်သာဈေး-သေနတ်ပစ်ကွင်း-တောင်ဥက္ကလာပဘုရား-ကျေးတမာ-မိုးစွေ-(၃၁) ဂိတ်/(၁) ဂိတ်-စီမံကိန်း-ဒေဝဒဟ-ဘဝမြင့်-အာနန္ဒာဘုရား-ဂိတ်ဟောင်း-ကျိုက္ကစံဘုရား-(၁၄/၁၅) လမ်းဆုံ-ရတနာဈေး-ကုလားဘုရား-(၁၆) ကွေ့-သံလမ်း-ကျောက်ကုန်း-မှတ်တမ်းရုံး-အဝိုင်းလေး-ကြားမှတ်တိုင်-ရန်ကင်းဈေး-စက်မှှု (၁)-ကုက္ကိုင်း-အင်ယာမြိုင်-သံလွင်-ယူအပ်ဖ်အယ်-ကျောင်းလမ်း-ကျောင်းရှေ့/ဓမ္မာရုံ-လှည်းတန်းဈေး-ကျောင်းရှေ့/ကုန်းဆင်း-ဆင်မလိုက်-နတ်စင်လမ်း-ကမ်းနားဈေး-ကြည့်မြင်တိုင်ညဈေး-စာတိုက်-သဲကွင်း-ဟုမ်းလမ်း-သီရိမင်္ဂလာဈေး-ကွင်းကျောင်း-ဆင်မင်းဈေး-သစ်တော-ထော်လီကွေ့-သခင်မြပန်းခြံစသည့် မှတ်တိုင်များအား ပြေးဆွဲပေးနေသည်။

၄င်းယာဉ်လိုင်းအပါအဝင် မြောက်ဒဂုံဘက်ရှိ ယာဉ်လိုင်း(၅)လိုင်းဖြစ်သည့် (၁၂)၊ (၁၄)၊ (၂၅) (၃၀) (၃၈)များကို ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ ယခင် ပါရမီယာဉ်လိုင်းမှ တာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags