POLICE TERO အသင်းတွင် အောင်သူ ကျောနံပါတ် ၁၀ ဝတ်ဆင်မည်

POLICE TERO အသင်းတွင် အောင်သူ ကျောနံပါတ် ၁၀ ဝတ်ဆင်မည်
 အောင်သူကို အာဆီယံလူငယ်အကောင်းဆုံးကစားသမားဆုယူအပြီးတွေ့ရစဉ်

 

 

နိုဝင်ဘာ ၂၂၊ ရန်ကုန်။              ။ ထိုင်းပရီးမီးယားလိဂ်ကလပ် Police Tero အသင်းသို့ပြောင်းရွှေ့သွားသည့် ရတနာပုံတိုက်စစ်မှူးအောင်သူသည် အသင်းသစ်တွင် ကျောနံပါတ် ၁၀ ဝတ်ဆင်ကစားမည်ဖြစ်သည်။

မြန်မာလက်ရွေးစင်တိုက်စစ်မှူးအောင်သူ၏အပြောင်းအရွှေ့ကို ရတနာပုံအသင်းဘက်ကအတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်သကဲ့သို့ ထိုင်းကလပ်မန်နေဂျာကလည်းအတည်ပြုခဲ့သည်။

The Fire Dragons (အမည်ပြောင် မီးနဂါးများ) ဟု အမည်ရသည့် Police Tero အသင်းသည် အောင်သူကို ၂၀၁၈ ဘောလုံး ရာသီအတွက်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားမှာ ထိုင်းချန်ပီယံနှစ်ကြိမ်ရအသင်းအတွက် ကျောနံပါတ် ၁၀ ဝတ်ဆင်မည်ဖြစ်သည်။

“အသင်းကိုနောက်အဆင့်တစ်ခုဆီတက်လှမ်းနိုင်အောင် အောင်သူကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ BEC Tero Entertainment အနေနဲ့ မြန်မာနဲ့ရုပ်သံပူးပေါင်းဆောင်ရွက်ထားတာတစ်ခုလည်းရှိပါတယ်။

ဂျပန်ရောက်နေတဲ့ ချာနာသစ်ကို ကျွန်တော်တို့ထိုင်းတွေအားပေးကြသလိုပဲ မြန်မာတွေကလည်းအောင်သူကိုအားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

လက်ရှိမှာ မိုက်ကယ်အန်ဒရီက ကျောနံပါတ် ၉ ဝတ်နေပါတယ်။ နံပါတ်အပြောင်းအလဲမရှိဘူးဆိုရင်တော့ အောင်သူက ကျွန်တော်တို့ရဲ့ နံပါတ် ၁၀ ဖြစ်လာမှာပါ”ဟု Police Tero အသင်းအထွေထွေမန်နေဂျာက ပြောသည်။

ယခင် BEC Tero အမည်ရ Police Tero အသင်းသည် ထိုင်းလိဂ်တွင် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၁-၀၂ ခုနှစ်တို့၌ ဗိုလ်စွဲထားပြီး ၂၀၀၃ တွင် အာရှချန်ပီယံလိဂ်ဒုတိယရထားသည်။

ထိုင်းလိဂ်သို့အောင်သူပြောင်းရွှေ့ကစားနိုင်ခဲ့သည့်အပေါ်တွင် မြန်မာလက်ရွေးစင်နည်းပြချုပ်ဂတ်ဇီဆီကလည်း ဝမ်းမြောက်စကားဆိုခဲ့သည်။

"ထိုင်းပရီးမီးယားလိဂ်လို အဆင့်မြင့်တဲ့နေရာမှာသွားကစားရမှာဆိုတော့ အောင်သူအတွက်ရော မြန်မာ့လက်ရွေးစင် အသင်းအတွက်ပါ ကောင်းမွန်တဲ့သက်ရောက်မှုရှိပါတယ်။

ထိုင်းလိဂ်အသင်းတွေက နည်းစနစ်လည်းကောင်းမွန်တယ်၊ ကစားအား (ပါ၀ါ)လည်းရှိကြတယ်။ နှစ်နှစ်လောက် ထိုင်းလိဂ်မှာ ကစားလိုက်မယ်ဆိုရင် အောင်သူဟာ ဒီထက်ပိုတဲ့ ခြေစွမ်း၊ ကြံ့ခိုင်မှုအပြည့်နဲ့ဒေါင်ဒေါင်မြည်ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။

ဒါဆိုရင် မြန်မာ့လက်ရွေးစင်အသင်းအတွက် အများကြီးအကျိုးပြုနိုင်ပါလိမ့်မယ်။ ဒီမှာပဲ ကစားနေမယ်ဆိုရင်တော့ သူ့အတွက် တိုးတက်မယ့်လမ်းက ကြန့်ကြာနေမှာပါ။ သူ့ရဲ့အပြောင်းအရွှေ့အတွက် ဂုဏ်ယူပါတယ်" ဟု မြန်မာလက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

အောင်သူ၏အပြောင်းအရွှေ့ပုံစံ (အငှားသို့မဟုတ် အပြီးသတ်) နှင့် လစာကို နှစ်သင်းစလုံးမှအသေးစိတ်ထုတ်ပြန်ရခြင်းမရှိသေး သော်လည်း တစ်လလျှင် အမေရိကန်ဒေါ်လာ ၈, ၀၀၀ (မြန်မာငွေကျပ်သိန်း ၁၀၀) ဝန်းကျင်ဖြစ်ကြောင်း သတင်းများ ထွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly