ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကြောက်မက်ဖွယ် ကူးစက်ရောဂါတွေ ဖြစ်လာနိုင်ဟု နော်ဝေ ဒုက္ခသည်ကောင်စီက သတိပေး

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ကြောက်မက်ဖွယ် ကူးစက်ရောဂါတွေ ဖြစ်လာနိုင်ဟု နော်ဝေ ဒုက္ခသည်ကောင်စီက သတိပေး
ဓာတ်ပုံ-EPA
 

နိုဝင်ဘာ ၂၁ ။            ။ ပြီးခဲ့တဲ့ သုံးလအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေအကြား  ကြောက်မက်ဖွယ် ကူးစက်ရောဂါ ပြန့်ပွားကူးစက်မှုတွေ   ဖြစ်လာနိုင်ကြောင်း နော်ဝေ အခြေစိုက် ဒုက္ခသည် ကောင်စီက သတိပေးပြောဆိုလိုက်ပါတယ်။

" ခုချိန်ခါမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကော့ဇ်ဘဇားနယ်မှာ ရှိတဲ့ ဒုက္ခသည် ရှစ်သိန်း ကြံုတွေ့နေရတဲ့ အကျပ်အတည်းအခြေအနေက အလွန်ပဲ စိုးရိမ်ဖွယ် ကောင်းနေပါတယ်၊ အဲဒီက အခြေအနေကို မပြောင်းလဲနိုင်ဘူးဆိုရင် ကြီးမားတဲ့ ကျန်းမာရေးကပ်ဘေးကြီးတစ်ခုနဲ့ တွေ့ကြံုသွားရဖို့ ရှိနေပါတယ်" ဆိုပြီး နော်ဝေ ဒုက္ခသည်ကောင်စီ NORCAP ရဲ့ ဒါရိုက်တာ Benedicate Giaever က ပြောပါတယ်။

Giaever ဟာဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားနယ်ထဲမှာ ရှိတဲ့ ကမ္ဘာပေါ်က လူဦးရေအထူထပ်ဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ Kutupalong ကို မကြာသေးခင်ကပဲ သွားရောက်ထားခဲ့ပါတယ်။ ယင်း စခန်းမှာ မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၆၀၀,၀၀၀ ကျော်ကိုလည်း လက်ခံပေးထားတာဖြစ်ပါတယ်။ သြဂုတ်လနောက်ပိုင်း မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအပြင် ယင်းစခန်းမှာ စုစုပေါင်း ဒုက္ခသည်ဦးရေ ရှစ်သိန်းကျော် ရှိနေပါတယ်။

" ဒီစခန်းမှာ ရှိတဲ့လူဦးရေအတွက်ကတော့ ဘူလ်တန်လို နိုင်ငံမျိုးက လူဦးရေနဲ့ ညီမျှနေပါတယ်၊ ရှစ် စတုရန်း ကီလိုမီတာ လောက်သာ ရှိတဲ့ ဧရိယာတစ်ခုထဲမှာ ကျပ်ကျပ်တည်းတည်း နေနေကြရတာဖြစ်ပါတယ်၊ ရွက်ဖျင်တဲတွေကလည်း တစ်ခုနဲ့တစ်ခု ကျပ်ကျပ်တည်းတည်း ဆောက်ထားပါတယ်၊ ဒီမှာ ရှိတဲ့လူထောင်ပေါင်းများစွာ ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ကျရောက်စေနိုင်တဲ့အနေအထားဖြစ်ပါတယ်" လို့ Giaever က ပြောပါတယ်။

ဒုက္ခသည် တဲစခန်းတွေ အလျင်အမြန် တိုးတက်ပေါ်ပေါက်လာခြင်းနဲ့အတူ အိမ်သာတွေနဲ့ သုံးရေ အရင်းအမြစ်တွေကို ခပ်မြန်မြန် ဖြစ်သလို တည်ဆောက်ဖန်တီးကြရတဲ့အတွက်ကြောင့်လည်း ရောဂါတွေက တောမီးလိုမျိုး ခဏချင်း ပြန့်နှံ့သွားနိုင်ကြောင်းလည်း သိရပါတယ်။

" ဒီရွက်ဖျင်တဲစခန်းတွေထဲမှာ မိလ္လာရေတွေက စီးချင်းသလို စီးသွားနေတာကို မြင်ခဲ့ရပါတယ်၊ အဲဒီတော့ ရောဂါတွေက ချိန်ကိုက်ဗုံးတစ်လုံးလို အချိန်မရွေး ပေါက်ကွဲဖြစ်ပေါ်လာနိုင်ပါတယ်၊ ကလေးတွေဆိုရင် ညစ်ပတ်နေတဲ့ ရေတွေကို သောက်နေကြရတယ်၊ ကလေးမိဘတွေကလည်း သူတို့ကလေးတွေကို ရေချိုးပေးဖို့အတွက်တောင်  စီးဆင်းခြင်းမရှိတဲ့ ရေသေတွေကို သုံးပြီးချိုးပေးနေရပါတယ်" လို့ ၎င်းက ဆိုပါတယ်။

" ဒီအချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကာလဝမ်းရောဂါ ဒါမှမဟုတ် ၀မ်းလျှောတာမျိုး ဖြစ်နိုင်တဲ့ အလားအလာတွေနဲ့ ရင်ဆိုင်နေရပါပြီ၊ ဒီအခြေအနေကို ပြုပြင်ပြောင်းလဲမပေးနိုင်ဘူးဆိုရင်ပေါ့၊ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း သူတို့ဆီ ခိုလှုံလာကြသူတွေကို သူ့နယ်နမိတ်အတွင်း လက်ခံပေးထားတယ်၊ ဒေသ အာဏာပိုင်အဖွဲ့အစည်းတွေကို သူတို့ကို လက်ကမ်းကြိုဆိုနေကြတာကို တွေ့ရပါတယ်၊ ဒါပေမယ့်လည်း မြေပြင်ကလက်တွေ့အခြေအနေတွေကြောင့် နိုင်ငံတကာ အကူအညီပေးရေး စနစ်တွေကို လုံလုံလောက်လောက် ဖော်ဆောင်လို့ မရဘူးဖြစ်နေပါတယ်" ဆိုပြီး Giaever က သတိပေးပြောသွားပါတယ်။

NORCAP အနေနဲ့ အရေးပေါ်အခြေအနေကို တုန့်ပြန်ဖို့အတွက် ကော့ဇ်ဘဇားနယ်ထဲ အကူအညီပေးရေး ပညာရှင် ၁၇ ဦးထိ စေလွှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းတို့တွေ လုပ်ကိုင်မယ့် လုပ်ငန်းဆောင်တာတွေထဲမှာတော့ အိမ်သာတွေ တည်ဆောက်တာ၊ သန့်ရှင်းတဲ့ ရေအရင်းအမြစ်တွေ ရအောင် လုပ်ပေးတာ၊ ကလေးတွေကို ပညာသင်ကြားပေးတာ၊ အဓမ္မပြု့ကျင့် ခံရသူတွေကို ကူညီပေးတာတို့ ဖြစ်ပါတယ်။

" ရောက်လာတဲ့့သူတိုင်းကို နေရာချထားပေးဖို့အတွက် မြင့်တဲ့မြေနေရာတွေမှာပါ ကမ့်တွေတည်ဆောက်လို့ ရမလား ဆွေးနွေးနေပါတယ်၊ ဒါပေမယ့် ရွှံ့ပြိုကျမှု အန္တရာယ်ကိုလည်း ထည့်တွက်နေရပါသေးတယ်၊ လာမယ့်မေလ မိုးရာသီမတိုင်ခင်တော့ အပြီးလုပ်သွားရပါမယ်၊ ဒီအကျပ်အတည်းက ဘယ်လောက်တောင် ဆက်ကြာကြာရှိနေဦးမလဲ သိဖို့ ခက်ပါတယ်၊ နောက်ပြီးလူတွေ ဘယ်လောက်တောင် ထပ်ရောက်လာဦးမလဲ ဆိုတာကိုလည်း မသိနိုင်သေးပါဘူး၊ လူတွေကတော့ နေ့တိုင်းနယ်စပ်ကို ဖြတ်လာနေဆဲပါ" လို့ Giaever က ဆိုပါတယ်။

ယခု အကျပ်အတည်းကနေ ကလေးတွေ အထူးထိခိုက်သွားမယ့်အပေါ် စိုးရိမ်ကြောင်း ၎င်းက ပြောပါသေးတယ်။ အများစုကတော့ မိဘတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို ဆုံးရှုံးထားရပါတယ်။ ကလေးငယ် ၆,၀၀၀ ၀န်းကျင်ကလည်း သူတို့ရဲ့ မောင်လေး၊ ညီလေး၊ ညီမလေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေကြရတယ်လို့ သိရပါတယ်။ " မြန်မာနိုင်ငံကနေ ဖယ်ထုတ်ခံရတယ်လို့ ခံစားနေကြရတဲ့သူတို့တွေ ခုတော့အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေတွေအောက်မှာ နေနေကြရပါတယ်" လို့ Giaever က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly