လိုင်စင်သေနတ် အမြဲဆောင်ထားတဲ့ သူရဦးရွှေမန်း

လိုင်စင်သေနတ် အမြဲဆောင်ထားတဲ့ သူရဦးရွှေမန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ အန္တရာယ်ကြံုတွေ့လာပါက ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ရန် လုံခြံုရေးအတွက် လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခြင်းဖြစ်သည်ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

“အရေးကြီးတာက သတိနဲ့နေဖို့ လိုတယ်။ လုံခြံုအောင်နေဖို့ လိုတယ်။ လိမ္မာအောင် နေဖို့လိုတဲ့အတွက် တောက်လျှောက် ဒီအသက်အရွယ်၊ ဒီအခြေအနေအထိ ဒီလိုရှင်သန်ခဲ့တာလည်း လုံခြံုရေးအတွက် လိုအပ်တဲ့ သတိနဲ့နေပြီးတော့ လုပ်ခဲ့လို့ပါ” ဟု တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်အထိ ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်းက ပြောသည်။

နေပြည်တော်တွင် ဇွန်လ ၁၄ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလအတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ နှုတ်ထွက်ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက် စာအုပ်မိတ်ဆက်ပွဲတွင် မည်သည့်ခြိမ်းခြောက်မှုများကြောင့် သေနတ်ကိုင်ဆောင်ရသနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် သူရဦးရွှေမန်းက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သူရဦးရွှေမန်းက “ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် လောလောဆယ် အဲ့သေနတ်ကို လိုင်စင်နဲ့ကိုင်ပြီးတော့ ကိုယ်သွားတဲ့နေရာ ယူဆောင်နေခြင်းပါ” ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယကဟောင်းလည်းဖြစ်သူ သူရဦးရွှေမန်း ပထမဆုံး ရေးသားခဲ့သည့် “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” စာအုပ်တွင် သေနတ်ကို ခေါင်းအုံးအောက်တွင် ထားပြီး အိပ်လေ့ရှိကြောင်း ထည့်သွင်းရေးသားထားသည်။

အဆိုပါ စာအုပ်တွင် “အိပ်ရာဝင်သည့်အခါ ဇနီးက ခုတင်ပေါ် ရောက်နှင့်သည်။ ကျွန်တော်က သေနတ်ကို ယူသည်။ ယခင်အတိုင်း ခေါင်းအုံးအောက်တွင် ချသည်ကို ဇနီးက သိသောအခါ ‘ရှင်ဒါတွေ လုပ်စရာ မလိုတော့ဘူး။ ရှင်မဲရုံးသွားပြီလေ၊ ရှင့်ကို ရှုံးစေချင်တဲ့သူတွေ ကျေနပ်သွားပြီပဲ၊ ရှင်အန္တရာယ် မရှိတော့ပါဘူး’ ဟု ပြောပါသည်” ဟူ၍ ဖော်ပြထားသည်။

သူ့အနေဖြင့် ၂၀၁၅ခုနှစ်၊ ဩဂုတ်လ ၁၂ရက်ညက နေပြည်တော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ဖြစ်ခဲ့သော “သန်းခေါင်ယံအာဏာသိမ်းပွဲ” ဟု အများပြောစမှတ်တွင်သည့် ဖြစ်ရပ်ထက်ဆိုးရွားသည့် အခြေအနေများနှင့်ပင် ရင်ဆိုင်ခဲ့ရသည်ဟု သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

သို့သော် ထိုနေ့ညက သူ့အနေဖြင့် ပါတီဌာနချုပ်တွင် ရှိမနေဘဲ နေအိမ်တွင်သာ ရှိနေကြောင်း သူရဦးရွှေမန်းက ဆိုသည်။ အဆိုပါ ဩဂုတ်လ ၁၂ရက်ညအပြီး နောက်တစ်ရက်တွင် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခဲ့ပြီး ဦးဌေးဦးကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြေငြာချက် ထုတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက် ရှိသော လက်နက်ကိုင်ဆောင်ရေး မူအရ လေသေနတ်များအပါအဝင် သေနတ်လက်နက် အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုထားသည်။ ထိုသို့ လိုင်စင်ဖြင့် ကိုင်ဆောင် ခွင့်ရရှိရန် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန (လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့)သို့ တင်ပြ လျှောက်ထားပြီး စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလလယ်က ဝန်ကြီးဟောင်းတစ်ဦး၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့်ဆက်စပ်ပြီး နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် လက်နက်များ သိမ်းဆည်းရမိပြီးနောက် တရားမဝင် လက်ဝယ်ထားရှိသော လက်နက်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာရောက်အပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly