မုန်တိုင်းအရှိန်ကြောင့် မင်းဘူးတွင် လေပြင်းတိုက်ခတ်မိုးရွာခဲ့သော်လည်း ဆုံးရှုံးမှုနည်းပါဟု ခရိုင်အုပ်ချုပ်ရေးမှူးဆို

မုန်တိုင်းအရှိန်ကြောင့် မင်းဘူးတွင် လေပြင်းတိုက်ခတ်မိုးရွာခဲ့သော်လည်း ဆုံးရှုံးမှုနည်းပါဟု ခရိုင်အုပ်ချုပ်ရေးမှူးဆို

မေ ၃၀ ။          ။ ယမန်နေ့ မေလ၂၉ ရက်ညနေပိုင်းက တိုက်ခတ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မင်းဘူးခရိုင်အတွင်း လေပြင်းတိုက်ခတ်မိုးရွာသွန်းခဲ့သဖြင့် ဆုံးရှုံးမှု နည်းပါးပြီး ကောင်းကျိုးများရှိကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောသည်။

"ညက လေပြင်းတိုက်ခတ်ရွာလိုက်တဲ့မိုးကြောင့် ဆုံးရှုံးမှုတော့ ရှိပေမယ့် နည်းပါတယ်၊ဒီမိုးကြောင့် မင်းဘူးခရိုင်မှာ စိုက်ပျိုးထားတဲ့ နှမ်း၊စပါးအစရှိသီးနှံတွေ ရှင်သန်လာတယ်၊ဆည်၊မြောင်း၊ကန်တွေ ရေရလာတယ်လေ၊ဒီ မိုးက အပျက်အစီးနည်းပြီး ကောင်းကျိုးဘက် ဖြစ်သွားတယ်၊ ကျွန်တော်တို့နယ်က ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုရှိတော့ အခုမိုးကြောင့် မီးရေးထင်းရေး စိတ်ချရတာပေါ့" ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးကပြောသည်။

သို့ရာတွင် ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ကနီကျေးရွာ တောင်သူဇနီးမောင်နှံ ထန်းပင်ပြိုလဲပိကာ ပေါင်ကျိုး၍ မကွေးဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်း လေပြင်းတိုက်ခတ်မိုးရွာသွန်းခြင်းကြောင့် မင်းဘူးမြို့နယ်၊ စည်ပင်သာယာစျေးကြီးအရှေ့ဖက်ရှိ မန်ကျည်းပင် တစ်ပင်ပြိုလဲကာ ဆိုင်ခန်း(၃)ခန်း အနည်းငယ်ပျက်စီးခဲ့သည်။ စကုမြို့နယ်နယ်မြေရဲစခန်းရှေ့ရှိ မန်ကျည်းပင် တစ်ပင်ပြိုလဲကာ ရဲစခန်းအတွင်းရှိ သက်သေခံ ဆိုင်ကယ်(၆)စီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး(၉၇၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့ပြင် မြို့နယ်များအတွင်းရှိ လမ်းမများအပေါ် ပြိုလဲသစ်ပင်များ ရှင်းလင်းလုပ်ဆောင်နေကြောင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ်မိုးရွာသွန်းပြီးနောက် မင်းဘူး/စကုမြို့နယ်တွင် လျှပ်စစ်မီး ပြတ်တောက်လျှက်ရှိသည်။

မိုးရွာသွန်းမှုကြောင့် မင်းဘူးခရိုင်အတွင်း စလင်းမြို့နယ် စလင်းတမံဆည်၊ လင်းဇင်းရေလွှဲဆည်၊ စေတုတ္တရာမြို့နယ်  မုန်းတမံဆည်၊ပွင့်ဖြူ  မြို့နယ် ကြီးအုံကြီးဝဆည်နှင့်မဲဇလီ ရေလွှဲဆည်၊ ငဖဲမြို့နယ်  မန်းတမံဆည်နှင့် ရင်းရှည်တမံဆည်များရှိကြောင်း၊ဆည် မြောင်းချောင်းကန် ရေပြည့်မှ ခရိုင်အတွင်းရှိ ဆည်နှင့်ပတ်သက်သည့် လုပ်ငန်းများ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly