ဘိုင်ယန်မြူးနစ်အသင်းဟာ ရာထူးမှ ထုတ်ပယ်လိုက်တဲ့ နည်းပြအန်ဆယ်လော့တီရဲ့ နေရာမှာ နည်းပြဟောင်း ဂျက်ဟေးနက်စ်ကို အသင်းနည်းပြအဖြစ် ရာသီကုန်အထိ ကိုင်တွယ်ရန် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
စက်တင်ဘာလက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်ဂျီအသင်းကို ၃ ဂိုးပြတ်ဖြင့် အရေးနိမ့်ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြအန်ဆယ်လော့တီကို ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို ၄ ကြိမ်မြောက် ပြန်လည်တာဝန်ယူခဲ့တဲ့ အသက် ၇၂ နှစ် အရွယ်ရှိ နည်းပြ ဟေးနက်စ်ဟာ ၂၀၁၃ ခုနှစ်က ချန်ပီယံလိဂ် ချန်ပီယံဆု၊ ဂျာမန် အမှတ်ပေးဖလားချန်ပီယံဆုနှင့် ဂျာမန် ဖလားတို့ကို တစ်နှစ်အတွင်း ဖလား ၃ လုံးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
နည်းပြဟေးနက်စ်က “ကမ္ဘာပေါ်က အခြားဘယ်အသင်းကိုမှ နည်းပြအဖြစ် ပြန်လည်မကိုင်တွယ်လိုပါဘူး။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ကျနော့် နှလုံးသားနဲ့ အလွန်နီးကပ်လွန်းပါတယ်။ ကျနော်ရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ပရိသတ်တွေအတွက် အောင်မြင်မှုတွေ ပြန်လည်ရယူဖို့ အရာရာတိုင်းကို အခု လုပ်ဆောင်ပေးသွားပါမယ်။ ဒီစိန်ခေါ်မှုအတွက်လည်း ပြင်ဆင်ထားပါတယ်။” လို့ ပြောပါတယ်။
ဟေးနက်စ်ဟာ ၂၀၁၃ ခုနှစ်မှာ ဂွာဒီယိုလာနဲ့ အစားထိုးခံရပြီးနောက် နည်းပြဘဝမှ အနားယူရန် စဉ်းစားခဲ့ပြီး အဲဒီအချိန်က သူဟာ ဘွန်ဒစ်လီဂါမှာ နောက်ထပ် နည်းပြလိုခြင်းမရှိဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။
Ref; BBC