စောင်းလျားသီး ပုစွန်ငပိချက်

စောင်းလျားသီး ပုစွန်ငပိချက်

မင်္ဂလာပါ…………….။

ဒီတစ်ပတ်တော့ စောင်းလျားသီးနဲ့ ပုစွန်ငပိချက်လေး ချက်ဖြစ်ပါတယ်။ ချဉ်ငံစပ်ဟင်းလေး စားချင်တဲ့သူတွေအတွက်တော့ သင့်လျော်မယ့် ဟင်းတစ်ခွက်ပါ။ ပုစွန်က အကြာကြီးလည်း ချက်စရာမလိုတာမို့ ဒီဟင်းလေးဟာ ဟင်းချက်ဖို့ စိတ်မရှည်သူတွေ အချိန်မပေးနိုင်သူတွေအတွက် ပိုပြီးအဆင်ပြေစေမှာပါ။

ဟင်းချက်ဖို့လိုအပ်တာတွေကတော့

ပုစွန်ကျား ၂၀သား

စောင်းလျားသီး  ၄လုံး

ငရုတ်သီးစိမ်း အနည်းငယ်

စိမ်းစားငါးပိ အနည်းငယ်

ငရုတ်အပုမှုန့်  အနည်းငယ်

ကြက်သွန်ဖြူနီ အနည်းငယ်တို့ လိုအပ်ပါတယ်။

ဟင်းချက်ဖို့ အမယ်တွေစုံပြီဆိုရင် ပုစွန်ကို အခွံခွာ သန့်စင်ထားပြီး ဆားဆနွင်း နယ်ထားပါ။ စောင်းလျားသီး ကို ပါးပါးလှီးပြီး အစေ့တွေ ဖယ်ထားပါ။ ပြီးတော့ ငရုတ်သီး ကြက်သွန်ဖြူနီ ကို ညက်ညက်ကလေး ထောင်းထားပါ။

ပြီးရင်တော့ ဟင်းအိုးပူလာရင် ဆီ ၅ ကျပ်သား လောက်ထည့်ပါ။ ဆီကျက်ရင်တော့ ငရုတ်သီး ထောင်းထားတာတွေ ထည့်ပြီး လိပ်နေအောင်ဆီသတ်ပါ။ ဆီသတ်တဲ့အထဲ ငါးပိ ထည့်ပါ။ ကျေအောင် ချေပါ။

ဆီသတ်တာမွှေး ပြီး အနှစ်တွေ လိပ်လာပြီဆိုရင်တော့ ပုစွန် ကိုထည့်ပြီး အညှီနံ့ပျောက်လောက်တဲ့ အထိ မွှေပေးပါ။

ပုစွန်ရဲလာရင်တော့ စောင်းလျားသီး လှီးထားတာလေးထည့်ပါ။ သမအောင်မွှေပေးပါ။

ရေအနည်းငယ်ထည့် အဖုံးအုပ်ပြီးထားပါ။ အပေါ့အငန်မြည်း လိုအပ်တာတွေ ထည့်ပါ။ ဆီပြန်လာရင်တော့ မီးပိတ်လို့ရပါပြီ။

အခုဆိုရင်တော့ ချဉ်ငံစပ်အရသာစုံစုံလင်လင်နဲ့ စောင်းလျားသီးနဲ့ပုစွန်ငပိချက်လေးရပါပြီ။ ရှူးရှူးရှဲရှဲ ကြိုက်သူများအတွက် ထမင်းမြိန်မယ့်ဟင်းတခွက်ပါ။ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly