တောင်တွင်းကြီးဖြစ်စဉ် ပါဝင်သူတစ်ဦးဖမ်းဆီးရမိ၊ လုံခြံုရေးတင်းကြပ်စွာဆောင်ရွက်နေ

တောင်တွင်းကြီးဖြစ်စဉ် ပါဝင်သူတစ်ဦးဖမ်းဆီးရမိ၊ လုံခြံုရေးတင်းကြပ်စွာဆောင်ရွက်နေ
ဓာတ်ပုံ-ကိုသားကြီး(တောင်တွင်းကြီး)

စက်တင်ဘာ ၁၀ ။        ။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၀ ရက်ညတွင် ဖြစ်ပွားခဲ့သော ခဲဖြင့် ပစ်ပေါက်သည့်အဖွဲ့မှလူ ၁ ဦးဖမ်းဆီးရမိကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလူမှာ မောင်းတိုင် (၂)ရပ်ကွက်နေ နှင်းကိုကိုလင်း(၃၀)နှစ် (အဖ) ဦးဖိုးထောင်အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးရမိသူအား စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ တောင်တွင်းကြီး၊ အုန်းတော(၁) ရပ်ကွက်၊ တောင်တွင်း-မကွေး မော်တော်ကားလမ်း ပေါ်ရှိ ဆိတ်သားသတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဂျင်းနား၏ နေအိမ်အား လူငယ် ၅၀ ဦးခန့် (စိစစ်ဆဲ)က ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီးလူစုလူဝေး ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သီချင်းသီဆို၍ ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသဖြင့် ည ၈ နာရီ ၅ မိနစ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်မော် ဦးစီး ရဲတပ်ဖွဲ့ဝင် အင်အား (၆+၄၀) ဦးက ဗလီအား ပိတ်ဆို့ ကာကွယ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ည ၉ နာရီခန့်တွင် ဗလီ၏မြောက်ဘက် တောင်တွင်း-မကွေးကားလမ်းပေါ်တွင် လေးခွများ၊ ကျောက်ခဲများ ကိုင်ဆောင်ထားသည့် လူ ၇၀ ဦးခန့်သည်လည်းကောင်း၊ ဗလီ၏ အရှေ့တောင်ဘက် လမ်းမပေါ်မှ လာရောက်ကြည့်ရှုသူ လူ ၄၀၀ ဦးခန့်သည်လည်းကောင်း စုဝေးရောက်ရှိလာ၍ မြို့နယ် အုပ်ချုပ်ရေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဦးစီး လုံခြုံရေးအဖွဲ့များက လူစုခွဲရန် အသံချဲ့စက်ဖြင့် အကြိမ်ကြိမ် သတိပေးသော်လည်း လူစုမခွဲသဖြင့် ညာသံပေးပြီး ဒိုင်းများဖြင့် တွန်းထုတ်ခဲ့ရသည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်အချို့လည်း အသုံးပြုကာ လူအုပ်ခွဲခဲ့ရပြီး ည ၉ နာရီခွဲတွင် လူစုခွဲ၍ ထွက်ပြေးသွားခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်၊ ည ၉ နာရီ ၄၀ မိနစ်တွင် တောင်တွင်းကြီးမြို့ အမှတ်(၇)လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးနေမျိုးဦး ဦးစီး အင်အား (၁+၂၀) လာရောက်ပူးပေါင်း၍ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းကာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေသည်။

ထို့ပြင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ထွန်း ဦးစီး အင်အား (၅+၂၅) ဦးသည် ည ၉ နာရီ ၁၀ မိနစ်တွင် မကွေးမြို့မှ ထွက်ခွါလာပြီး တောင်တွင်းကြီးမြို့ တည်ငြိမ်အေးချမ်းရေးနှင့် ပါဝင်ပတ်သက်သူများ ရှာဖွေ ဖမ်းဆီးရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားဆောင်ရွက်လျက် ရှိရာ ဆူပူမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်သူများကို အစိုးရမှ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly