မန္တလေးတိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးကြိုတင်ကာကွယ်နိုင်ရန် စစ်ဆေးမှုစတင်

မန္တလေးတိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးကြိုတင်ကာကွယ်နိုင်ရန် စစ်ဆေးမှုစတင်

မန္တလေး၊သြဂုတ် ၂၅ ။          ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို မီးဘေးကြိုတင်ကာကွယ်နိုင်ရန် သြဂုတ်လ ၂၅ ရက် ၊ နံနက် ၁၀ နာရီမှစတင်၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

'' လွန်ခဲ့တဲ့ သုံးရက်လောက်က ရန်ကုန်မှာ ဆီဘောက်ဆာ ကားတစ်စီး မီးလောင်သွားတယ်၊ အဲဒီမီးလောင်မှုက လောင်ကျွမ်းခဲ့လို့ ဆုံးရှံုးမှု များခဲ့တယ်၊ အဲဒါကြောင့် မန္တလေးမှ ဆီဆိုင်တွေ ဆီဘောက်ဆာတွေနဲ့ ပတ်သက်ပြီး မီးလောင်မှု မဖြစ်အောင် ရည်ရွယ်ပြီး ဝန်ကြီးချုပ်လမ်းညွန်မှုနှင့် ဒီနေ့ကစပြီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင် နေတာပါ '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင် သြဂုတ်၂၅ ရက် နံနက်ပိုင်းက စတင်စစ်ဆေးလျက်ရှိပြီး မြို့နယ်(၇)မြို့နယ်ကို သြဂုတ်လ နောက်ဆုံးအပတ်မှ စက်တင်ဘာ ပထမအပတ်ထိ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

'' မန္တလေးခရိုင် (၇)မြို့နယ်မှရှိတဲ့ ဆီဆိုင်(၂၀၀)ကျော်ကို နှှစ်ပတ်အတွင်း စစ်ဆေးသွားမှာပါ၊ တိုင်းအတွင်းက ခရိုင်အလိုက် စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆီဆိုင်များအား တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင် စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိပြီး မီးငြိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်ခြင်း၊ စျေးများတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly