ဖေ့စ်ဘွတ်တွင် အုပ်ချုပ်ရေးမှူးအကြောင်း Share လုပ်သူ ၆၆(ဃ)ဖြင့် အဖမ်းခံရ

ဖေ့စ်ဘွတ်တွင် အုပ်ချုပ်ရေးမှူးအကြောင်း Share လုပ်သူ ၆၆(ဃ)ဖြင့် အဖမ်းခံရ
ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီးခံထားရသည့် ကိုကျော်မျိုးလွင်၏ ဖခင်ဖြစ်သူ ဦးသန်းလွင်က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ လယ်ဝေးမြို့နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်(၁)ဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် လယ်ဝေးမြို့နယ်ရဲစခန်းက ဇူလိုင် ၁၉ရက်၊ မွန်းလွဲ ၁နာရီခွဲတွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“ဟုတ်ပါတယ်။ ၆၆(ဃ)နဲ့ ဖမ်းထားတာပါ” ဟု လယ်ဝေးမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။ ဖမ်းဆီးခံထားရသူမှာ ဒလန့်ချွန်ကျေးရွာမှ အသက်(၃၇)နှစ်အရွယ် ကိုကျော်မျိုးလွင် ဖြစ်သည်။

“ဒီကနေ့ နေ့လည် ၁နာရီခွဲမှာ လယ်ဝေးရဲစခန်းက ကိုကျော်မျိုးလွင်ကို ဒုရဲအုပ်တစ်ယောက်နဲ့ ရဲတပ်သားတစ်ယောက် လာခေါ်သွားတယ်။ သူတို့က ၆၆(ဃ)နဲ့ပတ်သက်ပြီး လာပြီးတော့ ဖမ်းတာလို့ ပြောတယ်” ဟု ကိုကျော်မျိုးလွင်၏ ဖခင်ဖြစ်သူ ဦးသိန်းလွင်က ပြောသည်။

ရံပုံငွေအလွဲသုံးစားလုပ်မှုဖြင့် တရားရင်ဆိုင်နေရသူ ဒလန့်ချွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဌေးအား လက်ထိပ်ဖြင့် တရားရုံးအထွက်တွင် အေလာမှ NLD အလုပ်အမှုဆောင် ဒေါ်သက်သက်မော်ဆိုသူက ဓာတ်ပုံရိုက်ပြီးနောက် လူမှုကွန်ယက် ဖေ့စ်ဘွတ်(Facebook)တွင် ရေးသား၊ ဖော်ပြချက်အား ကိုကျော်မျိုးလွင်က ပြန်လည်မျှဝေ(Share)လုပ်သဖြင့် ဒလန့်ချွန်ကျေးရွာမှ ဦးမောင်ဝင်းဆိုသူက တရားလိုပြုလုပ်ကာ ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားလို ဦးမောင်ဝင်းသည် ဒလန့်ချွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဌေး၏ ဦးလေးတော်စပ်သူဖြစ်သည်။

“၂၀၁၅-၁၆ဘဏ္ဍနှစ်မှာ လယ်ဝေးမြို့နယ်၊ ဒလက်ချွန်ကျေးရွာအတွက် သိန်း ၆၀ရံပုံငွေချပေးတယ်။ အဲ့ဒါကို ရပ်/ကျေး အုပ်ချုပ်ရေးမှူး တင်ဌေးက အလွဲသုံးစားလုပ်တယ်။ အဲ့ဒီကိစ္စကို ရွာသားတွေက တိုင်တဲ့အခါကျတော့ လယ်ဝေးတရားရုံးမှာ အမှုရင်ဆိုင်နေရတယ်” ဟု ဦးသိန်းလွင်က ပြောသည်။ ရွာသား (၄၀)ဦးက တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုင်ကြားမှုကို ဖမ်းဆီးခံထားရသူ ကိုကျော်မျိုးလွင်က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

အမှုဖွင့်ထားသူ တရားလို ဦးမောင်ဝင်းဆိုသူအား မဇ္ဈိမက ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။ ဖမ်းဆီးခံထားရသူ ကိုကျော်မျိုးလွင်အား ဇူလိုင် ၂၀ရက်၊ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်တရားရုံးတွင် ရမန်ယူပြီး လာမည့် အင်္ဂါနေ့တွင် ရုံးထုတ်မည်ဖြစ်သည်။ လက်ရှိတွင် လယ်ဝေးမြို့နယ်ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

လက်ရှိတွင်မူ ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်အား လွှတ်တော်တွင် စတင် ဆွေးနွေးနေပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly