YBS ၃၇ ယာဉ် ၂ စီးတွင် ဖရီးဝိုင်ဖိုင်စနစ် စမ်းသပ်တပ်ဆင်

YBS ၃၇ ယာဉ် ၂ စီးတွင် ဖရီးဝိုင်ဖိုင်စနစ် စမ်းသပ်တပ်ဆင်

ရန်ကုန်၊ဇွန် ၁၀ ။          ။ YBS ၃၇ (ယခင် BRT Lite) ယာဉ်၂ စီးတွင်  ဇွန်လ ၈ရက်နေ့ကစပြီး ကားတွင်း wifi စနစ် တပ်ဆင်မှုကို စမ်းသပ်ကာလအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။

"အခုက ကျွန်တော်တို့က စမ်းကြည့်တာပေါ့။ နောက်ထပ်လည်း တပ်ဖို့ရှိတယ်။ CCTVတွေ ဘာတွေလည်း ထပ်တပ်ဖို့ရှိတာပေါ့" ဟု ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC) ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ထောက်ကြန့်မှ စံပြအထိ ပြေးဆွဲသော YBS ၃၇ ယာဉ်နှစ်စီးတွင် ခရီးသည်များ မြင်သာစေရန် ကားရှေ့မှန်နှင့် အတက်ပေါက်အနီး ဘေးမှန်တွင် "Free Wifi Service" စတစ်ကာကို ကပ်ထားကြောင်း သိရသည်။

JICAအဖွဲ့၏ ကူညီပေးမှုဖြင့် ဖရီးဝိုင်ဖိုင် တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး JICA အနေနှင့် YBS စနစ်တွင်း ပါဝင်သည့် ကုမ္ပဏီများဖြစ်သည့် YBPCနှင့် YUPT ကုမ္ပဏီတို့ကို ဖရီးဝိုင်ဖိုင်တပ်ဆင်ရေး ကူညီပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ YBPCကုမ္ပဏီအနေနှင့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၇ရက်နေ့ကစပြီး BRT Lite ယာဉ်လိုင်းများကို ပြေးဆွဲခဲ့ပြီး အများပိုင်ဘတ်စ်ကားစနစ် YBS ပြောင်းလဲခဲ့သည့် ၂၀၁၇ ဇန်နဝါရီ ၁၆ရက်နေ့မှစပြီး YBS ၃၇ အဖြစ် ပြောင်းလဲပြေးဆွဲခဲ့သည်။ YBS ၃၇ သည် ထောက်ကြန့်၊ ဝါယာလက်၊ ရှစ်မိုင်၊ လှည်းတန်း၊ မြေနီကုန်း၊ စံပြတို့ကို ပြေးဆွဲနေပြီး ဇွန်လ ၇ ရက်မှ စတင်ကာ ထောက်ကြန့်မှ ဆူးလေအထိ တိုးချဲ့ပြေးဆွဲနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly