ဂါဇာကမ်းမြောင် ထိပ်တိုက်တွေ့မှုအတွင်း အစ္စရေး ပစ်ခတ်၍ ပါလက်စတိုင်းတစ်ဦး သေဆုံး

ဂါဇာကမ်းမြောင် ထိပ်တိုက်တွေ့မှုအတွင်း အစ္စရေး ပစ်ခတ်၍ ပါလက်စတိုင်းတစ်ဦး သေဆုံး

ဂါဇာစီးတီး၊ ဇွန် ၁၀ ။                 ။ ဂါဇာကမ်းမြောင်မြောက်ပိုင်းတွင် ဖြစ်ပွားသော ထိပ်တိုက်တွေ့မှု၌ ပါလက်စတိုင်းတစ်ဦးကို အစ္စရေးက ပစ်သတ်ခဲ့ကြောင်း ယင်းနယ်မြေကို စိုးမိုးထားသည့် အစ္စလာမ်မစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဂျာဘာလီယာ မြောက်ပိုင်း အစ္စရေးနဲ့ ထိစပ်တဲ့ နယ်မြေတစ်လျှောက်မှာ ဖြစ်ပွားတဲ့ ထိပ်တိုက်တွေ့မှုတွေမှာ အသက် ၃၅ နှစ်ရှိတဲ့ ဂျမ်းမားဆိုသူ သေဆုံးတာဖြစ်ပြီး အခြား ပါလက်စတိုင်း ခြောက်ဦးလည်း ဒဏ်ရာရပါတယ်။”ဟု ယင်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ်အယ်ကူဒါရာက ဆိုသည်။

ဂါဇာဒေသက အစွန်းရောက် အစ္စလာမ်မစ်ဂျီဟတ် ဟားမတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ ဂျမ်းမားသည် ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။

အစ္စရေးနှင့် ဂါဇာကြားက လုံခြုံရေးခြံစည်းရိုးများတစ်လျှောက် ဆန္ဒပြသူ ပါလက်စတိုင်းရာပေါင်းများစွာသည် ကားတာယာများကို မီးရှို့ခြင်း၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ကျူးလွန်ကြကြောင်း အေအက်ဖ်ပီက ဆက်သွယ်မေးမြန်းခဲ့သော အစ္စရေးစစ်တပ် ပြောခွင့်ရသူက ဆိုသည်။

“လုံခြုံရေးခြံစည်းရိုးကို မပျက်စီးရအောင် ကာကွယ်ဖို့ သံသယရှိသူတွေကို ကျွန်တော်တို့ တပ်ဖွဲ့က ဖမ်းခဲ့ရပါတယ်။”ဟု ၎င်းက ဆိုပြီး ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရမှု ရှိသည်ဆိုသော သတင်းကို အတည်မပြုနိုင်ကြောင်း ပြောသည်။

၂၀၁၅ အောက်တိုဘာမှ စတင်ဖြစ်ပွားသည့် မတည်ငြိမ်မှုများအတွင်း ပါလက်စတိုင်း ၂၆၉ ဦး၊ အစ္စရေး ၄၁ ဦး၊ အမေရိကန် နှစ်ဦး၊ ဂျော်ဒန် နှစ်ဦး၊ အီရီထရီးယား၊ ဆူဒန်နှင့် ဗြိတိန်နိုင်ငံသားတစ်ဦးစီ သေဆုံးကြောင်း အေအက်ဖ်ပီ၏ စာရင်းအရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly